"အားလပ်ချိန်မှာ ပညာရှာ"
=================
အလုပ်လာလျှောက်သူတစ်ဦးအား အလုပ်ရှင်ကမေးတတ်သည့် မေးခွန်းတစ်ခုမှာ
" မောင်ရင် ပညာအရည်အချင်း ဘယ်လောက်ရှိသလဲ၊ ဘာသင်တန်းတွေ တက်ခဲ့ဖူးသလဲ" ဟူ၍ဖြစ်သည်။
ပညာ အရည်အချင်းမရှိသူ နှင့် ပညာအရည်အချင်းရှိသူတို့၏ အကြားတွင် ကွာဟချက်သည် အလွန်ကြီးမားသည်။ ယင်းကွာဟချက်ကြီးကို ဆက်စပ်ပေါင်းကူး ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာလည်း ပညာအရည်အချင်းသားဖြစ်ပါသည်။
ပညာအရည်အချင်းဟူသည်မှာ.. ဗဟုသုတ အကြားအမြင်ဖြစ်သည်။ ဗဟုသုတ အကြားအမြင်ဟူသည်မှာ တန်းခိုးစွမ်းအားဖြစ်သည်။ ကမ္ဘာ့ သမိုင်းတွင် ယနေ့ခေတ် လောက် မည်သည့်ခေတ်ကမှ ပညာ အရည်အချင်း အရေးမပါခဲ့၊ အရာမရောက်ခဲ့။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်သည် အပြိုင်အဆိုင်အလွန်များသည်၊ အလွန်ကြီးမားသည်၊ အလွန်ပြင်းထန်သည်။ ဘ၀ရုန်းကန်မှုသည် အလွန်ခက်ခဲ ကြမ်းတမ်းသည်။
ထို့ကြောင့် ဘ၀တွင် လူတစ်လုံးသူတစ်လုံးဖြစ်ဖို့ အတွက် ပညာအရည်အချင်းသည် မရှိမဖြစ်လိုအပ်သည်။
ထို့ကြောင့် လူများစုကြီးသည် ကျောင်းပညာ သို့မဟုတ် တက္ကသိုလ် ပညာကို အလွန်အမင်း အရေးထားကြခြင်းဖြစ်ပါသည်။ သို့သော် လူတိုင်းသည် ကျောင်းပညာကို ရနိုင်မည်မဟုတ်ပေ။ ပိုက်ဆံမတတ်နိုင်သောကြောင့် ၊ မိသားစုဝမ်းရေးကြောင့်၊ ကျန်းမာရေးကြောင့် ငယ်ငယ်ရွယ်ရွယ် နှင့် ကျောင်းထွက်လိုက်ရသူများ၊ ပညာတစ်ပိုင်း တစ်စနှင့် အလုပ်ဝင်လုပ်ရသူများ အများကြီးရှိပါသည်။
သူတို့သည် ပညာပြည့်စုံအောင် မသင်ခဲ့ရသည့်အတွက် တစ်ချိန်ချိန်တွင် အလွန်စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။ နောင်တရတတ်ကြသည်။ "ငါ့ဘ၀တော့သွားပါပြီး၊ တစ်သက်လုံး လူစဉ်မီတော့မှာ မဟုတ်ဘူး" ဟု ယူဆတတ်ကြသည်။
တကယ်တော့ ထိုအယူအဆသည် အလွန်မှားသည်။
ကမ္ဘာ့ ကိုပြန်ကြည့်လျှင် ပညာတတ်ပုဂ္ဂိုလ်ပေါင်း မြောက်မြားစွာ တို့သည် တက္ကသိုလ်ပညာကို မသင်ခဲ့ဖူးကြကြောင်း တွေ့ရပေလိမ့်မည်။ အများစုမှာ အထက်တန်းပညာကို ပင် မသင်ခဲ့ဖူးကြကြောင်းတွေ့ရလိမ့်မည်။
အမှန်ဆိုသော် ပညာကို တက္ကသိုလ်မှာသာ ရနိုင်သည်မဟုတ်၊ ပညာလိုချင်သူအတွက် ပညာသည် နေရာတိုင်းတွင်ရှိသည်။ ပညာကို နေရာတကာတွင်ရရှိနိုင်ပါသည်။
အဓိက အချက်မှာ... လိုအင်ဆန္ဒပြင်းပြဖို့သာ အရေးကြီးပါသည်။ ပြင်းပြသော ဆန္ဒဖြင့် ကြိုးစားရှာဖွေဆည်းပူးဖို့သာ အရေးကြီးသည်။
တစ်ခါက လူငယ်တစ်ယောက်သည် ပန်းပဲဖို တွင် အလုပ်လုပ်သည်၊ အလုပ်ချိန်တစ်နေ့ ၁၂ နာရီ ဖြစ်သည်။ သို့သော် သူသည် အလုပ်ပြီးသောအခါ ဘာသာစကားများကို ကိုယ့်အားကိုယ်ကိုးလေ့လာရာ တစ်နှစ်အတွင်း ခုနှစ်ဘာသာ အထိတတ်မြောက်လာခဲ့သည်။ အကြောင်းမှာ ပြင်းပြသော ဆန္ဒနှင့် ကြိုးစားမှုတို့ ၏ ရလဒ်ပင်ဖြစ်သည်။
ယခုခေတ်တွင် အထက်တန်းပညာ မသင်နိုင်သူများအတွက် ပညာဆည်းပူးရေး အခွင်းအလမ်းတွေ အများကြီး ရှိပါသည်။ ဘာသာရပ်အလိုက် ညနေသင်တန်းတွေ၊ စနေ၊ တနင်္ဂနွေ သင်တန်းတွေ ရှိသည်။ သင်တန်းမတတ်နိုင်လျှင်လည်း လက်စွဲစာအုပ်ကောင်းများ၏ အကူအညီဖြင့် ကိုယ့်အားကိုယ်ကိုးလေ့လာဆည်းပူးနိုင်သည်။
ယခုခေတ်တွင် စာအုပ်စာတမ်းများနှင့် ညနေသင်တန်းများသည် ကျောင်းပညာ မသင်နိုင်သူများ အနေဖြင့် အလွတ်သင်ပညာရရှိရေးအတွက် အကောင်းဆုံးနည်းလမ်းများပင်ဖြစ်ပါသည်။
မည်သူမဆိုစာဖတ်တတ်လျှင် ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ပညာ ဆည်းပူးနိုင်သည်။
ထို့ကြောင့် မိမိကိုယ်ကို စာဖတ်အလေ့အကျင့် စွဲမြဲအောင် ပျိုးထောင်ပါ။ အကျိုးပြု စာအုပ်ကောင်းများကို ရွေးချယ်ပြီး တစ်နေ့လျှင် အနည်းဆုံး ၁၀ မိနစ်ခန့်မျှ လေ့လာပါ။
နောက်ဆယ်လခန့်အတွင်း မိမိ၏ အသိပညာစက်ဝန်းသည် သိသိသာသာ ကျယ်ပြန့် တိုးတက်လာပါလိမ့်မည်။
မိမိတွင် စာအုပ်ကောင်းများမရှိလျှင် ရှိသော မိတ်ဆွေများ ထံမှ သော်လည်းကောင်း၊ စာကြည့်တိုက်များမှသော်လည်းကောင်း၊ ငှားရမ်းလေ့လာပါ။
အမေရိကန် သမ္မတကြီး လင်ကွန်းသည် သူ၏ ကိုယ့်အားကိုယ်ကိုး ပညာသင်ကြားရေးကို "သမ္မာကျမ်းစာ"၊ "ဂျော့ဝါရှင်တန် အတ္ထုပတ္တိ" နှင့် "ရောဘင်ဆင်ခရူးဆိုး" ၀တ္ထုများ ဖြင့်စတင်ခဲ့သည်။
ထို့ကြောင့် မိမိတွင် သိသမျှ စာအုပ်များနှင့် ပထမဦးစတင်ပါ။ ရည်ရွယ်ချက်ဖြင့် ပန်းတိုင်ထား၍ အချိန်မှန်မှန် စွဲစွဲမြဲမြဲ လေ့လာလျှင် မိမိ၏ ဗဟုသုတ နယ်ပယ်သည် နှစ်ကာလ အနည်းငယ်အတွင်း သိသိသာသာ ကျယ်ပြန့် လာပါလိမ့်မည်။
ကျယ်ပြန့်သော ဗဟုသုတ ရှိသူအဖို့ ဘ၀တိုးတက်ရေး အခွင်းအလမ်းများသည် အမြဲတမ်း ပွင်းလင်းနေမည်သာတည်း။
ကိုရဲ(Barlarlar)
www.facebook.com/barlarlarmyanmar
(ငါ့ဘ၀ ငါသာသခင် ငါသာဘုရင် - မောင်ပေါ်ထွန်း စာအုပ် ၏ အားလပ်ချိန်မှာ ပညာရှာ ဟူသော ခေါင်းစဉ်မှ ကောက်နုတ်တင်ပြထားပါသည်။)
Post A Comment:
0 comments: