အခွင့်အလမ်း စရိတ်
ကျွန်တော်တို့ ဘယ်လောက်ပင် ချမ်းသာချမ်းသာ၊ သြဇာဘယ်လောက်ပင် ကြီးကြီး ကျွန်တော်တို့ လုပ်ချင်သည့် အရာတိုင်းကို တစ်ရက်တည်းလုပ်ဖို့အတွက် အချိန်ဘယ်တော့မှ လုံလောက်မှုရှိမည်မဟုတ်ပါ။ ဘောဂဗေဒ ပညာရပ်တွင် အဆိုပါ ပြဿနာအား အခွင့်အလမ်းစရိတ်ဆိုသည့် စကားလုံးအသုံးအနှုန်းဖြင့် ရှင်းလင်းဖော်ပြ ထားပါသည်။ အခွင့်အလမ်းစရိတ်ဆိုသည်မှာ တစ်စုံတစ်ဦး၏ အချိန် (သို့) ငွေကြေးတို့အား ၎င်းတို့အတွက် ပိုမို ကောင်းမွန်သော အရာပေါ်တွင်သာ အသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ပိုင်ဆိုင်သည့် အချိန်တိုင်းဟာ တန်ဖိုးရှိပါသည်။ တစ်ခုခုလုပ်နေတာပဲဖြစ်ဖြစ်၊ အိပ်နေတာပဲဖြစ် ဖြစ်၊ ရုပ်ရှင်ကြည့်နေတာပဲ ဖြစ်ဖြစ် အချိန်တစ်ချိန်စီမှာ ကျွန်တော်တို့သည် တစ်ခုပဲလုပ်၍ ရနိုင်ပါသည်။ အထက်ပါ ကိစ္စရပ်တွေထဲမှ တစ်ခုကို ရွေးချယ်ပြီးလုပ်တိုင်း မတူညီတဲ့ အခွင့်အလမ်းစာရိတ်များရှိပါသည်။ တစ်ခုကို ရွေးချယ်လိုက်ချိန်တွင် ကျန်သည့် အခွင့်အရေးများ ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည်။
သင် ဘောလုံးပွဲ ကြည့်မည်ဟု ရည်ရွယ်ထားသည်ဆိုပါဆို့။ လက်မှတ်ဈေးမှာ အဆမတန်းကြီးနေပြီး ဘောလုံးကွင်းကို သွားရန်မှာလည်း နာရီအနည်းငယ် အချိန်ကုန်ဦးမည်။ ထိုကြောင့် သင့်အနေဖြင့် ဘာကြောင့် သွားနေတော့မှာလဲ။ အိမ်မှာပဲ ကြည့်ရင်ရော၊ ဘောလုံးပွဲသွားလျှင် ကုန်မည့် အချိန်နှင့် ငွေအစား သူငယ်ချင်း များနှင့် ညစာအတူစားလိုက်ရင် ပိုကောင်းမလားဆိုသည့် အခြားအခွင့်အလမ်းများဖြင့် သင်ချိန်ထိုးစဉ်းစား ကောင်းစဉ်းစားနေနိုင်ပါသည်။ သင့်၏ အချိန်နှင့် ငွေကို သင့်အတွက် ပိုမိုကောင်းမွန်သည်ဟု သင်ယူဆသည့် တခြားအရာတစ်ခုအပေါ် သုံးစွဲလိုက်ခြင်းကပင် အခွင့်အလမ်းစရိတ်ဖြစ်သည်။
တက္ကသိုလ်တက်ခြင်း၊ မတက်ခြင်းနှင့် ပတ်သက်ပြီး နောက်ဥပမာတစ်ခုကြည့်ပါဦးမည်။ တက္ကသိုလ်၌် စာပေသင်ယူ၍ ဉာဏ်ပညာအရရော၊ လူမှုအရပါ ဝင်ဆံ့နိုင်သည့် ဘွဲ့ရတစ်ယောက်၏ ဆုလာဘ်မှာ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရဖို့ပင် ဖြစ်သည်။ တခြားတစ်ဖက်တွင်လည်း ဘွဲ့ရဖို့ဆိုရာတွင် ကျူရှင်၊ စာအုပ် အစရှိသည့် စာရိတ်များနှင့် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် အားထုတ်ရမှုများလည်းရှိနေပါသည်။ သို့သော် ကုန်ကျရမည့် စရိတ်နှင့် စိုက်ထုတ်ရမည့် အင်အား အစရှိသည့် အခွင့်အလမ်းစရိတ်ကို မမှုဘဲ၊ ဘွဲ့ရ အောင်ဆောင်ရွက်သွားခြင်းဖြင့် နောင်တွင် လစာ ပိုကောင်းသည့် အလုပ်အကိုင်ရနိုင်သော အခွင့်အလမ်း စရိတ်ကိုသာ ကျခံတော့မည်ဖြစ်သည်။
လက်လွှတ်လိုက်ရသည့် အခွင့်အလမ်းများ
အခွင့်အလမ်းစရိတ် အယူအဆမှာ တစ်ဦးချင်းအတွက် အရေးကြီးသလို စီးပွားရေးလုပ်ငန်းများ အတွက် လည်း အရေးပါပါသည်။ ဖိနစ်ထုတ်သည့် စက်ရုံဥပမာကြည့်ပါဦးမည်။ ပိုင်ရှင်သည် သရေဖိနစ်များ ထုတ်လုပ်ရာတွင် ကုန်ထုတ်လုပ်မှုမြန်စေသည့် ပေါင် ၅ သန်းတန် စက်အသစ်ကို ရင်းနှီးမြုပ်နှံရန် ရည်ရွယ်ထားသည်။ ယင်းငွေကို ဘဏ်မှာ အပ်နှံထားပါက တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းရမည်ဖြစ်သည်။ ထို့ကြောင့် သေချာသည့် အတိုးနှုန်းလည်း ရစေရန် ရည်ရွယ်ပြီး စက်အတွက် ရင်းနှီးမည့် အခွင့်အလမ်းစာရိတ် တစ်ဝက်ကို လက်လွှတ် ဆုံးရှုံးခဲ့ခြင်းကြောင့် ရင်းနှီးမြုပ်နှံမှုအတွက် အခွင့်အလမ်းစာရိတ်မှာ တစ်နှစ် ပေါင်း ၂သိန်းခွဲသာ ရှိတော့မည်ဖြစ်သည်။
ဘောဂဗေဒပညာရှင်တစ်ဦးအတွက်တော့ ဆုံးဖြတ်မှုများပြုလုပ်တိုင်းတွင် ငွေနှင့်ပျော်ရွင်မှုရအောင် ဘယ်အရာကိုတော့ ကြိမ်းသေပေါက် လက်လွှတ်ဆုံးရှုံး ရမည်ဆိုသည့်အသိသည် အရေးကြီးစွာ ပါဝင်နေမည့် အရာဖြစ်သည်ဟု သဘောပေါက်ကြသည်။ သင်ဘာကို လက်လွှတ်ဆုံးရှုံးရမလဲ၊ ဘာကိုတော့ဖြင့် ရရှိလာမလဲ ဆိုသည်ကို သေချာ သဘောပေါက်နားလည်နေခြင်းဖြင့် ပိုပြီးကျိုးကြောင်းဆီလျှော်ရှိသည့် ဆုံးဖြတ်ချက်မျိုးကို သင်ချမှတ်နိုင်သည်။
ဘောဂဗေဒဘာသာရပ် သဘောတရားအားလုံးကို ခြုံငုံကိုယ်စားပြုသည့် နာမည်အကြီးဆုံး စည်းမျဉ်းတစ်ခု ရှိပါသည်။ ယင်းမှာ “ထမင်းတစ်နပ်အတွက် ဘာမှ အလကားမရဘူး” ဟူသည့် စကားဖြစ်ပါသည်။ တစ်စုံတစ် ဦးသည် သင့်ဆီကနေ ဘာမှ မျှော်လင့်ချက်မပါဘဲ ထမင်းကျွေးဖို့ ကမ်းလှမ်းသည်ဆိုပါစို့။ သင့်အနေဖြင့် ထမင်းစားနေချိန်အတွင်း သူနှင့် စကားပြန်ပြောပေးနေဖို့ လိုပါလိမ့်မည်။ ဤသို့ဆိုလျှင် နေ့လည်စာသည် အလကား စားရခြင်းမျိုးမဟုတ်တော့ချေ။ စားသောက်ဆိုင်မှာ သင်လိုက်စားပေးသဖြင့် ကုန်ဆုံးသွားသည့် သင့်၏ အချိန်သည်ပင်လျှင် သင်လက်လွှတ်လိုက်ရသည့် အခွင့်အလမ်းစာရိတ်ပင် ဖြစ်ပါသည်။
စီးပွားရေးလောကတွင် “ပိုက်ဆံအတွက်တန်ဖိုး” ဆိုသည့် နာမည်ကြီး အဆိုတစ်ခုရှိပါသည်။ လူတွေသည် ပိုက်ဆံကို ရနိုင်သလောက် များများလိုချင်ကြသည်။ သို့သော် နောက်ထပ် အဆိုတစ်ခုမှာ ပိုပြီးတော့ပင် အခြေခံကျပါသည်။ “အချိန်အတွက် တန်ဖိုး” ဟူ၍ ဖြစ်သည်။ ကျွန်တော်တို့ပိုင်သည့် အရင်းအမြစ်ထဲမှ အကန့်အသတ်အကြီးမားဆုံး အရင်းအမြစ်မှာ အချိန်ဖြစ်ပါသည်။ ကျွန်တော်တို့ ကိုယ်ရင်းနှီးမြုပ်နှံထားသည့် အချိန်ပေါ်မှာ အမြင့်ဆုံးပြန်ရနိုင်ဖို့ ဆောင်ရွက်ကြပါသည်။ ယခု ဆောင်းပါးကို သင်ဖတ်နေခြင်းကပင် သင်လုပ်ဆောင်မည့် အခြားအရာတွေထဲမှ အချိန်အနည်းငယ်ကို သင်ပေးရပါလိမ့်မည်။ အပြန်အလှန်အားဖြင့် ယခု သင်ဖတ်လိုက်သော ဆောင်းပါးသည် သင့်အား ဘောဂဗေဒသမားတစ်ဦးလို စဉ်းစားတတ်အောင် အကူအညီ ပေးပါလိမ့်မည်။
အိမ်တွင်းရှိ အခွင့်အလမ်းစာရိတ်
ကျွန်တော်တို့ အခွင့်အလမ်းစာရိတ်သဘောတရားကို သဘောပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်အားလုံးကို ဒီအိုင်ဒီယာပေါ်ကနေ ဆုံးဖြတ်ကြသည်။ သင်၏ အိမ်တွင် ပိုက်မှ ရေယိုခဲ့လျှင် သင်ကိုယ်တိုင်ပြင်ဖို့ သင်ဆုံးဖြတ်နိုင်သည်။ အဲ့ဒီအတွက် ပိုက်ပြင်သည့် ကိရိယားများ၊ ပြင်နည်း စာအုပ်များ ဝယ်ရမည်။ သင်အနေဖြင့် ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ပြီးပြင်ခြင်းနှင့် သင်ကိုယ်တိုင်ပြင်ခြင်း တို့၏ အကျိုးအပြစ်တို့ကို တွက်ချက်၍ ဆုံးဖြတ်ချက်ချရမည်။ သို့သော် ဤနေရာတွင် မမြင်ရသည့် ကုန်ကျ စာရိတ်တစ်မျိုးရှိသည်။ ပိုက်ပြင်သမားသည် ပို၍ ကျွမ်းကျွမ်းကျင်ကျင်ပိုက်ပြင်နိုင်သော်လည်း သင့်အနေဖြင့် ကိုယ်တိုင်လေ့လာပြီး ပြင်နေရသည့် အချိန်ကြန့်ကြာမှု စာရိတ်ဖြစ်သည်။ ပိုက်ပြင်သမား၏ ကျွမ်းကျင်မှုနှင့် ကိုယ့်၏ ကျွမ်းကျင်မှု နှိုင်းယှဉ်ခြင်းသဘောတရားကတော့ ဘောဂဗေဒ၏ နှိုင်းရအသာစီးရမှု သဘောတရားနှင့် ပိုပြီးနီးစပ်မှုရှိသည်။
အစိုးရအတွင်းရှိ အခွင့်အလမ်းစာရိတ်
တစ်ကမ္ဘာလုံးရှိ အစိုးရများသည် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုရေး ဆောင်ရွက်သည့်အခါ အခွင့်အလမ်းစာရိတ် အိုင်ဒီယာအပေါ် အခြေခံပြီး ဆွေးနွေးငြင်းခုံကြသည်။ ပုဂ္ဂလိကပိုင်ပြုခြင်းဖြင့် ပြည်သူပိုင် ပစ္စည်းကို ပုဂ္ဂလိကအခန်းကဏ္ဍမှ ထိထိရောက်ရောက် လုပ်နိုင်မည်။ အရောင်းတက်လာသည့်အတွက် အခွန်များ ထိရောက်စွာ ကောက်နိုင်ပြီး အစိုးရမှ အခြားသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အစရှိသည့် ပြည်သူ့ရေးရာ ရင်းနှီးမြုပ်နှံမှုများတွင် ထိထိ ရောက်ရောက် အသုံးပြုလာနိုင်မည်ဖြစ်သည်။
သို့သော် အခွင့်အလမ်းစရိတ်အိုင်ဒီယာအပေါ် အဓိကထားသည့် ဆုံးဖြတ်ချက်များသည် မကြာခဏ မှားယွင်းသွားလေ့ ရှိပါသည်။ ၁၉၉၉ ခုနှစ်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းသည် ဗြိတိန်နိုင်ငံ၏ အရံရွှေ တန် ၄၀၀နီးပါး ရောင်းဖို့ ဆုံးဖြတ်ခဲ့သည်။ အင်္ဂလန်ဘဏ်တွင် နှစ်ပေါင်းများစွာ အသုံးမပြုဘဲ ထားရှိခဲ့သည့် ရွှေများဖြစ်ပြီး ထိုသို့ ရောင်းထုတ်လိုက်သည့်အတွက် ရွေတန်ဖိုးများ ကျသွားခဲ့သည်။ အဲ့ကတည်းက လူအများစုသည် ရွှေကို အရှုံးရှိသည့် ရင်းနှီးမြုပ်နှံမှုအဖြစ် သတ်မှတ် ခဲ့ကြသည်။ ထိုကဲ့သို့ပင် အစိုးရ ဘွန်းစာချုပ်များကဲ့သို့ အာမခံငွေကြေးစာရွက်စာတမ်းများအပေါ် ရင်းနှီးမြုပ်နှံခြင်းသည် ပြီးခဲ့သည့် နှစ်အနည်း ငယ်တွင် တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဗြိတိန် ဘဏ္ဍရေးဌာနမှ ကွဲပြားမှုအမျိုးမျိုးရှိသော ဘွန်းစာချုပ်များကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂၇၆ ဒေါ်လာရှိသည့် ရွှေတစ်အောင်စနှင့် အလှဲအလည်ပြု၍ အရောင်းအဝယ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
လူအနည်းငယ်လောက်သာ ရာစုနှစ်တစ်စုစာအတွင်း စီးပွားရေးအခြေအနေတွေ ဘယ်လိုပြောင်းမလဲဆိုတာ ခန့်မှန်း ကြည့်တတ်ကြသည်။ ၂၀၁၀ တွင် ရွှေ၏ တန်ဖိုးမှာ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၉၈၁အထိ မြင့်တက်သွားခဲ့သည်။ ဆိုလိုသည်မှာ ဂေါ်ဒန်ဘရောင်း ၁၉၉၉ တွင် ရောင်းခဲ့သည့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ တန်ဖိုးရှိ ရွှေများသည် နောင် ၁၀ နှစ်အကြာတွင် ၁၂.၅ ဘီလီယံ ဖြစ်ခဲ့သည်။ ဗြိတိန် အစိုးရသည် ရွှေနှင့် အာမခံငွေကြေးစာရွက်စာတမ်းများ ရောင်းချခြင်းကြောင့် အကျိုးမြတ်အချို့ရရှိခဲ့သည်ဆိုသော်လည်း အရံရွှေကို မရောင်းဘဲ ကိုင်ထားပြီး နောက်မှရောင်းလျှင် အကျိုးအမြတ် ပိုကြီးနိုင်သောကြောင့် ဖြစ်ပါသည်။
မောင်ဓန
Reference: 50 economic ideas you really need to know by Edmund Conway
Post A Comment:
0 comments: