Apple နဲ့ VirnetX ကုမ္ပဏီတို့ဟာ ဆက်သွယ်ရေးလုံခြုံမှုနည်းပညာမူပိုင်ခွင့်တွေနဲ့ ပတ်သတ်ပြီး၊ တရားခွင်မှာ တတိယအကြိမ်မြောက် ရင်ဆိုင်ဖြေရှင်းခဲ့ရာမှာ တရားရုံးက VirnetX ကုမ္ပဏီဘက်ကို အနိုင်ပေးလိုက်ပါတယ်။
တက္ကဆက်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရင်ဆိုင်ခဲ့တဲ့ ယခုတစ်ကြိမ်အမှုပြန်လည်စစ်ဆေးမှုမှာလည်း ဂျူရီအဖွဲ့က VirnetX ဘက်ကို အနိုင်ပေးခဲ့ပြီး၊ Apple ကုမ္ပဏီအနေနဲ့ နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၃၀၂.၄ သန်းပေးဆောင်စေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ယခုအမှုဟာ ၂၀၁၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တဲ့ နှစ်ရှည်ပြဿနာတစ်ခုဖြစ်ပြီး၊ Apple ရဲ့ FaceTime ဗီဒီယိုချက်မှာ အသုံးပြုထားတဲ့ VPN နည်းပညာတစ်ခုက VirnetX မူပိုင်ခွင့်ယူထားတဲ့ VPN နည်းပညာတစ်ခုကို ချိုးဖောက်နေတဲ့အတွက်ကြောင့် အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ( VirnetX ဟာ non-practicing entity လို့ခေါ်တဲ့ ထုတ်ကုန်၊နည်းပညာတစ်ခုကို တကယ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ မူပိုင်ခွင့်သာကိုင်ထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။)
ပထမဆုံးအကြိမ် ၂၀၁၂ ခုနှစ်စစ်ဆေးမှုမှာ Apple ဘက်က နစ်နာကြေးကန်ဒေါ်လာ ၃၆၈ သန်း ပေးဆောင်စေရမယ်လို့ အမိန့်ချမှတ်ခဲ့ပေမယ့်၊ အယူခံတရားရုံးက အဆိုပါဆုံးဖြတ်ချက်ကို ပယ်ချခဲ့တာကြောင့် အမှုပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။
နောက်တစ်ကြိမ် လွန်ခဲ့တဲ့ဖေဖော်ဝါရီလအမှုစစ်ဆေးမှုမှာလည်း VirnetX ကုမ္ပဏီကိုပဲ အနိုင်ပေးခဲ့ပြီး၊ Apple ဘက်က လျော်ကြေးကန်ဒေါ်လာ ၆၂၅ သန်းအထိ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း အဆိုပါဆုံးဖြတ်ချက်ဟာ ဂျူရီအဖွဲ့ရဲ့ နားလည်မှုရှုပ်ထွေးမှုကြောင့်ဖြစ်ကာ၊ တရားမျှတမှုမရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အမှုပြန်လည်ကြားနာမှုတွေ ပြုလုပ်ခဲ့ပြီး၊ ယခုတစ်ကြိမ်က နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။
VirnetX ကုမ္ပဏီဟာ ပထမတုန်းက ၎င်းတို့ရဲ့ VPN နည်းပညာမူပိုင်ခွင့်ငါးခုချိုးဖောက်မှုနဲ့ Apple အပြင် တခြားနည်းပညာကုမ္ပဏီတစ်ချို့ကိုလည်း တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ Apple ကုမ္ပဏီတစ်ခုတည်းကိုပဲ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။
Bloomberg ရဲ့ ဖော်ပြချက်အရတော့၊ ယခုအမိန့်ချမှတ်မှုဟာ ဒီနေရာမှာတင်မပြီးသေးဘဲ၊ အမေရိကန်အယူခံတရားရုံးချုပ်ကို တဆင့်ဝင်ရဦးမှာဖြစ်ပါတယ်။ VirnetX အနေနဲ့ မူပိုင်ခွင့်တွေနဲ့ ပတ်သတ်ပြီး လျော်ကြေးငွေအမှန်တကယ်ရရှိဖို့က အယူခံတရားရုံးမှာလည်း အမှုနိုင်ဖို့လိုပါတယ်။
Admin>>>digitaltimes
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: