Facebook ဟာ အွန်လိုင်းရောင်းဝယ်မှု (e-commerce) နယ်ပယ်ထဲကို ‘Marketplace’ ဆိုတဲ့ feature အသစ်တစ်ခုနဲ့ တရားဝင် စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။
လူမှုကွန်ရက်ဆိုက်ကနေ e-bay တို့လို အရောင်းအဝယ်ဆိုက်တွေကိုပါ ယှဉ်ပြိုင်လာမယ့် Facebook ရဲ့ ခြေလှမ်းတွေကတော့ တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။
Facebook ကနေ မနေ့ကပဲ အသစ်မိတ်ဆက်လိုက်တဲ့ ‘Marketplace’ ဟာ ရောင်းဝယ်သူအချင်းချင်းပဲ (user-to-user) အဓိကဆက်သွယ်အသုံးပြုရမယ့် e-commerce platform တစ်ခုဖြစ်ပြီး၊ ကိုယ်လိုချင်တဲ့ပစ္စည်းကို ရှာတာ၊ အသုံးမလိုတော့တဲ့ ပစ္စည်းကို ရောင်းထုတ်တာမျိုးတွေကို Marketplace ပေါ်မှာတင် ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
လက်ရှိမှာ ဒီလိုအရောင်းအဝယ်မျိုးပြုလုပ်ချင်ရင် Sales Groups တွေကနေပဲ အဓိကအရောင်းအဝယ်ပြုလုပ်ခဲ့ရပေမယ့်၊ နောက်ပိုင်းမှာတော့ ‘Marketplace’ ကနေပဲ အရောင်းအဝယ်လုပ်လာဖို့ရှိပါတယ်။
လောလောဆည်မှာ Groups တွေကနေ လစဉ်အရောင်းအဝယ်ပြုလုပ်နေသူပေါင်းက သန်း ၄၅၀ အထိ ရှိတယ်လို့လည်း ပရောဂျက်မန်နေဂျာဖြစ်သူ Bowen Pen က ဖွင့်ဟခဲ့ပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်းမှာ Facebook iOS app ရဲ့ အောက်ဆုံးအလယ်မှာရှိတဲ့ ‘Messenger’ ပုံလေးနေရာမှာ ယခု ‘Marketplace’ ပုံက ရောက်လာမှာဖြစ်ပြီး၊ အဆိုပါပုံကို နှိပ်လိုက်တာနဲ့ ကိုယ်စိတ်ဝင်စားလောက်တဲ့ပစ္စည်းတွေချည်း ဖော်ပြပေးမယ့် ‘Home Page’ အသစ်တစ်ခုကို အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ်စိတ်ဝင်စားလောက်မယ့်ပစ္စည်းကို ပြတဲ့ပုံစံက ကိုယ် Like လုပ်ထားတဲ့ Page တွေ၊ Marketplace အတွင်းမှာ ကိုယ်ဝယ်ရောင်းလုပ်ဖူးတဲ့ပစ္စည်းအမျိုးအစားတွေပေါ် မူတည်ပြီးပြပေးသွားမှာဖြစ်ပါတယ်။
ပစ္စည်းတစ်ခုဝယ်ချင်တယ်ဆိုလည်း ရောင်းသူဆီကို တိုက်ရိုက် Messenger က ဆက်သွယ်နိုင်သလို၊ ဈေးနှုန်းကမ်းလှမ်းတာ၊ ညှိနှိုင်းတာမျိုးလည်း ‘Marketplace’ ပေါ်မှာတင် လုပ်ဆောင်နိုင်မှာပါ။
ပစ္စည်းတစ်ခုရောင်းချင်တယ်ဆိုရင်တော့ ကိုယ့်ပစ္စည်းဓာတ်ပုံကိုတင်၊ နာမည်တပ်၊ ဖော်ပြချက်ရေး၊ ဈေးနှုန်းရေးပြီး၊ ကိုယ့်တည်နေရာကို ရွေးပေးလိုက်ရုံပါပဲ။
တခြားလုပ်ဆောင်ချက်တွေအနေနဲ့ ပစ္စည်းအမျိုးအစားအလိုက်ရှာဖွေတာ၊ ‘Nearby’ အနီးနားကရောင်းထားတဲ့ ပစ္စည်းတွေရှာတာမျိုးတွေ ပါဝင်ပြီး၊ တခြားနေရာဝေးဝေးက ပစ္စည်းတွေကြည့်ချင်တယ်ဆိုလည်း location ပြောင်းနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာ Facebook Marketplace ကို မိုဘိုင်းအတွက်သာ ထုတ်ပေးထားသေးပြီး၊ ယခုတစ်ပတ်အတွင်း US ၊ UK ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ စတင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
( Facebook Marketplace ရဲ့ လုပ်ဆောင်ပုံအကြောင်းကို ဆောင်းပါးအနေနဲ့ ထပ်မံတင်ဆက်ပေးသွားပါမယ်။)
Admin>>>DigitalTime
www.komoe.org
Post A Comment:
0 comments: