About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဆမ်ဆောင်းကုမ္ပဏီ ဆက်ခံသူ လီဂျေယောင်း အဖမ်းခံရ

လီဂျေယောင်းနဲ့ ဆမ်ဆောင်းအုပ်စုကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး မည်သည့်အမှားမျှ မကျူးလွန်ခဲ့ကြောင်း ပြောထားပါတယ်။


ဆမ်ဆောင်း အကြီးအကဲ လီဂျေယောင်း အဖမ်းခံရမှု

ဆမ်ဆောင်း (Samsung) ကုမ္ပဏီဆက်ခံသူ လီဂျေယောင်းကို တောင်ကိုရီးယားမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှု အရှုပ်အထွေးနဲ့ ဆက်နွယ်နေမှုဖြင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်) ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ အဂတိလိုက်စားမှု နိုင်ငံရေးအရှုပ်အထွေးကြောင့် သမ္မတပတ်ဂွန်ဟေးကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ပြီး ပြည်သူ သိန်းနဲ့ချီပါဝင်တဲ့ ဆန္ဒပြမှုတွေလည်း ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဟာ အစိုးရထံမှ အခွင့်အရေးများ ရနိုင်ရန်အတွက် သမ္မတပတ်ဂွန်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ် ဦးဆောင်တဲ့ ဖောင်ဒေးရှင်းတွေကို အလှူငွေများ ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
play
ဆမ်ဆောင်းကုမ္ပဏီ ဆက်ခံသူ လီဂျေယောင်း

လီဂျေယောင်းနဲ့ ဆမ်ဆောင်းအုပ်စုကတော့ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး မည်သည့်အမှားမျှ မကျူးလွန်ခဲ့ကြောင်း ပြောကြားထားပါတယ်။ "လာမယ့် တရားခွင်မှာ အမှန်တရားပေါ်ထွက်လာအောင် ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာ" လို့ လီဂျေယောင်း အဖမ်းခံရပြီးနောက် ဆမ်ဆောင်းအုပ်စုရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆမ်ဆောင်း အကြီးအကဲ လီဂျေယောင်းဟာ ဇန်နဝါရီလအတွင်းက စစ်ဆေးမေးမြန်းခံခဲ့ရပါတယ်။ အစောပိုင်းမှာ စုံစမ်းစစ်ဆေးရေးမှူးတွေက လီဂျေယောင်းကို ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ပေမဲ့ တရားရုံးက အကြောင်းပြချက် မလုံလောက်မှုကြောင့် ဖမ်းဆီးခွင့်မပေးခဲ့ပါဘူး။
play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ သူငယ်ချင်း ချိုဆွန်ဆေးလ်ကို တရားရုံးမှာ တွေ့ရစဉ်

ယခုအခါမှာတော့ ရာဇဝတ်ပြစ်မှုအသစ်များ ထပ်မံဖြည့်စွက်မှုနဲ့ အထောက်အထားအသစ်တွေအရ လီဂျေယောင်းကို ဖမ်းဆီးရန် လိုအပ်ကြောင်း တရားရုံးအနေနဲ့ အသိအမှတ်ပြုလိုက်ကြောင်း တရားရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လီဂျေယောင်းကို ယခုသီတင်းပတ် အစောပိုင်းက နောက်တစ်ကြိမ် တရားရုံးကြာနားမှုအတွက် ဆင့်ခေါ်ခဲ့ပြီးကတည်းက ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး  ယနေ့မှာ တရားရုံးခွင့်ပြုမိန့်ဖြင့် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက လီဂျေယောင်းဟာ သမ္မတပတ်ဂွန်ဟေးနဲ့ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ချိုဆွန်ဆေးလ်တို့ကို လာဘ်ငွေ အမေရိကန်ဒေါ်လာ ၃၆ သန်း ပေးအပ်ခဲ့ပြီး ဆမ်ဆောင်းကုမ္ပဏီနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အစိုးရရဲ့ အကူအညီရရန် လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။
play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး

လီဂျေယောင်းဟာ အခြား ကုမ္ပဏီအကြီးအကဲအချို့နဲ့အတူ တောင်ကိုရီးယားလွှတ်တော်မှာ ကြားနာမှုခံယူခဲ့ရသေးပြီး ထိုစဉ်က ဆမ်ဆောင်းအနေနဲ့ ဖောင်ဒေးရှင်းနှစ်ခုကို အမေရိကန်ဒေါ်လာ ၁၈ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ အစိုးရထံမှ အခွင့်အရေးပြန်ရရန် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကိုလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရပါတယ်။

လီဂျေယောင်းရဲ့ အချက်အလက်အချို့

  • ဆမ်ဆောင်းတည်ထောင်သူ လီဗြောင်ချူးလ်ရဲ့မြေး၊ လက်ရှိဥက္ကဋ္ဌ လီကွန်ဟီးရဲ့သား ဖြစ်ပါတယ်။
  • လီကွန်ဟီးရဲ့ တစ်ဦးတည်းသောနဲ့ အကြီးဆုံးသားလည်းဖြစ်ပြီး ညီမသုံးယောက်ရှိပါတယ်။
  • အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။
  • Forbes မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ် စာရင်းအရ ချမ်းသာကြွယ်မှု အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ပိုင်ဆိုင်ပါတယ်။
  • ၂၀၁၅ ခုနှစ် စာရင်းများအရ တောင်ကိုရီးယားမှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
  • Seoul National University, Keio University နဲ့ Harvard Business School တို့မှာ ပညာသင်ကြားခဲ့ပါတယ်။
  • ကိုရီးယား၊ ဂျပန်နဲ့ အင်္ဂလိပ်စကား ပြောဆိုနိုင်သူ ဖြစ်ပါတယ်။
  • ၁၉၉၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ကွာရှင်းခဲ့ကာ သားတစ်ဦးနဲ့ သမီးတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။
  • ယမန်နှစ်က ဆမ်ဆောင်းအီလက်ထရောနစ်ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် အမည်တင်သွင်းခံရပြီး အောက်တိုဘာ ၂၇ ရက်မှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။
  • အသက် ၇၄ နှစ်အရွယ် ဖခင်ဖြစ်သူ အနားယူသွားပါက ဆမ်ဆောင်းကို အလုံးစုံထိန်းချုပ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
  • ဝေဖန်သူအချို့က ဆမ်ဆောင်းဘုတ်အဖွဲ့မှာ ခန့်အပ်ခံရခြင်းဟာ ၎င်းရဲ့ အတွေ့အကြုံကြောင့် မဟုတ်ဘဲ ကုမ္ပဏီဥက္ကဋ္ဌရဲ့သားဖြစ်မှုကြောင့်လို့ ဆိုပါတယ်။
Source & Photo: AFP

duwun.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: