About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံခြင်း



Voice : ဆရာမရဲ့ သင်ကြားနည်း ဗီဒီယိုဖိုင် အတိုလေးဟာ အင်တာနက်ပေါ်မှာ လူကြိုက် များလာပါတယ်။ ဆရာမကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ချီးမွမ်းတဲ့ မှတ်ချက် ပေးတာတွေ တွေ့ရပါတယ်ခင်ဗျ။ အဲဒီလို ဖြစ်တဲ့အပေါ် ဆရာမ ဘာများ ပြောဖို့ ရှိပါမလဲခင်ဗျ။
DMMZ : ကျွန်မက အမှတ်တမဲ့ တင်လိုက်တာကို အဲဒီလို သဘောကျတယ် ဆိုတော့ ဝမ်းသာမိပါတယ်။ ဆရာ၊ ဆရာမတွေကလည်း ဒီလိုလေး သင်ကြမယ်ဆိုတော့ သူတို့ ကလေးတွေလည်း ပျော်ကြမှာပါ။

Voice : ဆရာမ ကနဦး ပြောသွားတဲ့ အထဲမှာဆို သီဆို သင်ကြားခြင်း နည်းလမ်းကို အခြား ဆရာတွေလည်း အသုံးပြု သင်ကြားမယ်ဆို ကလေးတွေ ပျော်ကြမယ်လို့ ပြောထားပါတယ်ခင်ဗျ။ စာသင်ချိန်အလိုက် သင်ရိုး ဘယ်လောက် ပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ အကန့်အသတ် ဖြစ်နေမလား ခင်ဗျ။ အထူးသဖြင့် အလယ်တန်းဆင့်နဲ့ အထက်တန်းဆင့်ဆိုရင် စာတွေက ပိုပို များလာတာကြောင့်ပါခ င်ဗျ။
DMMZ : ဒီလို သင်ကြားလို့ အချိန် ပိုမကုန်စေပါဘူး။ ကလေးတွေ ပိုမှတ်မိစေပါတယ်။

Voice : ဒီဗီဒီယိုဖိုင်လေးဟာ စာသင်ခန်းထဲမှာ ကျောင်းသားတွေကို စာသင်နေတုန်းက သီဆိုသင်ကြား ပြနေတာကို ရိုက်ကူးထားတဲ့ ဗီဒီယို အစစ်အမှန်ပါလားခင်ဗျ။ (ဆိုချင်တာက ကဗျာသင်တဲ့အခါ ဆရာမ အနေနဲ့ အမြဲတမ်း ဒီလို ရွတ်ဆို၊ သီဆို သင်ကြားတာလား ခင်ဗျ။)
DMMZ : ဟုတ်ပါတယ်။ အဲဒီလိုပဲ သင်ပါတယ်။ တချို့ ကဗျာတွေတော့ အဆင်ပြေသလို ဆိုသင်ရတော့ ပုံစံ မကျတာတွေ ရှိပါတယ်။

Voice : “တချို့ ကဗျာတွေတော့ အဆင်ပြေသလို ဆိုသင်ရတော့ ပုံစံမကျတာတွေ ရှိတယ်”လို့ ဆိုတဲ့အခါ ဘယ်လိုကဗျာ အမျိုးအစားမျိုး ဖြစ်မလဲခင်ဗျ။ ပြီးတော့ ဘယ်လို ပုံစံမကျတာလဲ ခင်ဗျ။ ဒီအပိုင်းကျ ဆရာမတို့က ပညာရပ်ပိုင်းဆိုင်ရာကို ပိုနားလည်တယ် ဆိုတော့ အကျယ်တဝင့်လေး ရှင်းပြစေချင်ပါတယ် ခင်ဗျ။
DMMZ : ပုံစံ မကျတာကတော့ ကျွန်မ မဆိုတတ်လို့ပါ။ လင်္ကာတို့၊ ရခိုင်တေး၊ ဓနုတေးတို့ကျ ကျွန်မ မဆိုတတ်ဘူး။

Voice : အဲဒီလိုတွေ ကျွမ်းကျင်အောင် ပညာရေး ဝန်ကြီးဌာနနဲ့ သင်ကြားရေး ဆရာတွေက ဘာလုပ်ဖို့ လိုအပ်တယ်လို့ ဆရာမ တစ်ယောက်တည်း အနေနဲ့ ယူဆပါသလဲခင်ဗျ။
DMMZ : သင်ရိုးပါ ကဗျာ အားလုံးရဲ့ ဆိုနည်းလေးတွေကို CD ချပ်လေး ပြုစုပေးစေ ချင်ပါတယ်။ အဲလိုလေးရှိရင် ကောင်းမှာပဲလို့ တွေးနေတာ ကြာပါပြီ။

Voice : တိုင်းရင်းသားရိုးရာ ကဗျာတွေလည်း ပါတဲ့အခါ စုစည်း လုပ်နိုင်ဖို့က လွယ်ပါ့မလားခင်ဗျ ဆရာမ။
DMMZ : ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပဲ ဖြစ်နိုင်ပါတယ်။

Voice : စာသင်ခန်းထဲ ကျောင်းသားတွေကို သီဆို သင်ကြားနေတယ်လို့ ဆရာမက ပြောတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသံက မပါတော့ တချို့က ဆရာမ ဘာသာ သီးသန့် တစ်ယောက်တည်း ရှိချိန် ရိုက်တယ်လို့ ထင်ကြတာလည်း ရှိတယ်ခင်ဗျ။
DMMZ : နောက်နေ့ ကျောင်းပြန်ဖွင့်ရင် ကလေးတွေနဲ့ အတူဆိုတာ တင်လိုက်မယ်နော်။ ဖိုင်ရှည်နေမှာ စိုးလို့ခုလည်း ရှိတယ်။ နောက်ထပ် ကဗျာဆိုထားတဲ့ နည်းလေးတွေလည်း မျှပေးပါဦးမယ်။

Voice : ကျွန်တော်တို့ အခြေခံ ကျောင်းသားဘဝမှာလည်း ဒီသင်ရိုး သင်ရတာဆိုတော့ ဒီလိုရွတ်ဆို သင်ပြတာမျိုးတော့ သိပ်မကြုံဖူးဘူးခင်ဗျ။ ဒီတိုင်း ဖတ်ပြပြီး သင်ကြားတာနဲ့ သီဆို သင်ကြားတာဟာ အဓိက ဘာတွေ ကွာခြားပါသလဲ ခင်ဗျ။
DMMZ : ဒီတိုင်း ဖတ် သင်တာထက် ခုလိုလေးဆို သင်တော့ ကလေးတွေက ပိုစိတ်ဝင်စားတယ်။ ပျော်လည်း ပျော်ကြတယ်လေ။ ကျောင်းဆင်းရင်တောင်မှ အဲဒီကဗျာလေး ရွတ်ဆိုပြီး ပြန်ကြတယ်။

Voice : သီဆို သင်ကြားခြင်းက မူရင်းကဗျာရဲ့ အနှစ်သာရကို ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရင်ထဲ ရောက်စေ၊ ကျန်စေနိုင်သလား ခင်ဗျ ဆရာမ။ ဆရာမရဲ့ သင်ကြားမှု အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးပါ။
DMMZ : ရောက်စေပါတယ်။ ဆဋ္ဌမတန်း “ဗြောသံ” ကဗျာ သင်တုန်းကဆို ကလေး တစ်ယောက် မျက်ရည်ကျနေလို့ ဘာဖြစ်လို့လဲ မေးရတယ်။ ဆရာမ အဲဒီလိုဆိုရင် သမီးက ငိုချင်တယ်တဲ့။

Voice : ဟုတ်ကဲ့။ အဲဒါ ဘာဖြစ်လို့ပါလဲ ရှင်းပြပေးပါခင်ဗျ ဆရာမ။
DMMZ : သူက မြန်မာလေ။ မြန်မာဆိုတော့ မြန်မာ့ဆိုင်းဝိုင်းနဲ့ တွဲဖက် သီဆိုရတဲ့ ဗြောတီးသံ ဗြုန်းဆိုတဲ့ အသံ နှစ်သက် ချစ်မြတ်နိုး တတ်လို့ ဖြစ်မှာပေါ့။

Voice : အထူးသဖြင့် နယ်ဒေသတွေက ဝေးလံ သီခေါင်တာရယ်၊ သွားလာရေး၊ ဆက်သွယ်ရေး စတာတွေကြောင့် အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်ရတယ်လို့ ပညာရေး ဝန်ကြီးဌာနက သင်ကြားရေး ဆရာ၊ ဆရာမ နိုင်ငံ့ဝန်ထမ်းတွေဆီက ကြားရပါတယ်။ ဆရာမ အနေနဲ့ တစ်ယောက်တည်း အမြင်ဆိုရင် နယ် ဒေသတွေမှာ ပညာသင်ကြား၊ သင်ယူမှု ပြုရာမှာ အဓိက ဘာတွေ အခက်အခဲ ဖြစ်နေပါသလဲ။
DMMZ : ကျွန်မလည်း ရှမ်းမြောက်မှာ ၁ဝ နှစ်ကြာ နေခဲ့တာပါပဲ။ အခက်အခဲကတော့ မျိုးစုံ ရှိကြတာပါပဲ။ အဓိက မအောင် မနေရ စနစ်ကြောင့် မတတ်ဘဲ အောင်လာတော့ အလယ်တန်းဆင့် ရောက်တော့ ခက်ပြီ။ အရည်အချင်း မပြည့်တဲ့ကလေးကို အတန်း တင်မပေးသင့်ပါဘူး။

Voice : အခက်အခဲကတော့ မျိုးစုံ ဖြစ်နေတယ်။ အဲဒီအထဲက တခြား စီမံခန့်ခွဲရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ အကြံပြုပါဦးမလဲခင်ဗျ။
DMMZ : ပြောစရာ မရှိပါဘူး။ ကျွန်မက သင်ကြားရေးပဲ သိတာပါ။

Voice : မြန်မာစာပြ ဆရာမအဖြစ် ဘာကြောင့် လုပ်ကိုင်နေတာပါလဲခင်ဗျ။

MMZ : ကျွန်မက သမိုင်းနဲ့ မြန်မာစာ စိတ်ဝင်စားလို့ပါ။ သမိုင်းလည်း သင်ချင်တယ်။ မြန်မာစာ သင်တော့ သီချင်းလည်း ဆိုရတယ်လေ (ရယ်လျက်)။ ပြောချင်သေးတာက အဋ္ဌမတန်း သမိုင်းမှာ ပါတယ်။ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေဖို့ မြန်မာ စာပေနဲ့ မြန်မာ သမိုင်းကို အလေးပေး သင်ရမယ်တဲ့။ ကျွန်မ တပည့်တွေက ၈ တန်းအောင်တော့ သမိုင်း ဆက်သင်ချင်လို့ ဝိဇ္ဇာတွဲ ယူချင်တာ ဆရာမရယ်တဲ့ ဒါပေမဲ့ ကျောင်းမှာ ဝိဇ္ဇာတွဲ ယူလို့ မရဘူးတဲ့။ ကျောင်းတိုင်းမှာ ဝိဇ္ဇာတွဲ ယူလို့ ရရင် ကောင်းမှာပဲ။ ရှစ်တန်းအောင်ရင် ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ကို လေ့လာသင်ယူလို့ရအောင် အထက်တန်းဆင့်မှာ ဝိဇ္ဇာဘာသာရပ် သင်ဆရာများ ဖြည့်ပြီး သင်ယူခွင့်ရအောင် ပြုလုပ်ပေး စေချင်ပါတယ်။

Voice : နောက်ဆုံး အနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ ခင်ဗျ။
DMMZ : ဒီဖိုင်လေးထဲက ကဗျာဆိုနည်းလေးက တောင်ကြီး ပညာရေး ကောလိပ်က နည်းပြဆရာမကြီး ဆိုပြတာ သင်ယူခဲ့လို့ ဆိုတတ်တာပါ။ ဆရာမကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်မလို အလယ်တန်းဆင့်သင် ဆရာ၊ ဆရာမများ ပျော်ရွှင်စွာ သင်ကြားနိုင်ကြပါစေ။



Share
Banner

ကိုမိုး

Post A Comment:

0 comments: