ဥတုသုံးလီ ရာသီဆယ့်နှစ်ပါး အစဉ်လိုက်ရွေ့လျားနေသည်နှင့်အမျှ ဆောင်းမှနွေပြောင်း မိုးလည်းနှောင်း၍ သည်ဆောင်းတစ်ခေါက်ပြန်တောင် ရောက်ခဲ့လေပြီ ။ တန်ဆောင်မုန်းလသို့ ရောက်သည်နှင့် မြောက်ဘက်တောင်ကုန်းဒေသမှနှင်းငွေ့နှင်းစက်များ ရောနှောပါဝင်သည့် မြောက်ပြန်လေများတိုက်ခတ်တတ်သဖြင့် ဆောင်းဦးရာသီ၏ နံနက်ခင်းမှာ ချမ်းစိမ့်စိမ့် ဖြစ်နေသည်။ နှိုးစက်မှ အသံမြည်ခဲ့ပြီး ဖြစ်သဖြင့် နံနက်ငါးနာရီ ထိုးပြီးဖြစ်တော့မည် ။ ပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက်လာသော ဆောင်းလေညင်း၏ အအေးဓာတ်ကြောင့်ကျွန်မတစ်ကိုယ်လုံး အေးမြလန်းဆန်းသွားသည် ။
ယခုအချိန်တွင်မူ မွန်းတည့်ချိန်တွင်း မာန်ဟုန်ပြင်းနိုင်ခဲ့သောသူရိန်နေမင်းကြီးပင်လျှင် ရောင်ဝါမထွန်းလင်းနိုင်သေးပေ ။ ရုတ်တရတ်ဆိုသလို ကျွန်မတို့ အထက်တန်းကျောင်းသူဘ၀က သင်ကြားခဲ့ရသည့်“ရောင်ဝါမထွန်း ချမ်းရှာလွန်း၍ တည့်မွန်းချိန်နေ ရောက်လွယ်စေ” ဟူသော လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေ ပိုဒ်စုံရတုကို ပြေး၍သတိရမိပါသည်။ ကျွန်မကတော့ မွန်းတည့်ချိန် မရောက်စေလိုသေးပါ ။ ယခုကဲ့သို့ အရှေ့ဘက်ဆီမှ ရောင်နီပျိုးစအရုဏ်ဦးအခါသမယလေးကို နှစ်သက်လှပါသည် ။ ထို့အပြင် ယနေ့တွင်မူ နံနက်ခင်းတကာ့ နံနက်ခင်းထဲတွင်ကျွန်မအမြတ်နိုးဆုံးဖြစ်သော စနေနေ့နံနက်ခင်း၏ မင်္ဂလာအရှိဆုံးမြင်ကွင်းကို စောင့်ကြည့်ရပေဦးမည်။
အပတ်စဉ် စနေနေ့တိုင်းတွင် ရှစ်မိုင်-မစိုးရိမ်ကျောင်းတိုက်သစ်မှဆရာတော် သံဃာတော်များသည် ကျွန်မတို့အိမ်ရှေ့မှဖြတ်၍ ပြည်လမ်းမကြီးတစ်လျှောက် ဆွမ်းအလှူခံကြွလေ့ရှိပါသည် ။ ထို့ကြောင့် ကျွန်မသည် စနေနေ့တွင် ယခင်ထက်ပို၍ အိပ်ရာမှ စောစောထကာဆွမ်းလောင်းရန် ပြင်ဆင်ရပါသည် ။ ပြင်ဆင်သည်ဟု ကြီးကြီးကျယ်ကျယ်ဆိုရသော်လည်း ထွေထွေထူးထူးမဟုတ်ပါ ။ ထမင်းပေါင်းအိုးထဲသို့ ဆန်နို့ဆီဘူး ငါးလုံးခန့်ထည့်၍ ဆန်ဆေးပြီး ရေသင့်တော်သလောက်ထည့်ကာဆွမ်းချက်ပေးရရုံနှင့် ယမန်နေ့ညကတည်းက ကျွန်မမေမေ အဆင်သင့်ချက်ပေးထားသော ဟင်းကို နွှေးပေးရရုံသာဖြစ်ပါသည် ။ ဟင်းရော ထမင်းပါ အဆင်သင့်ဖြစ်သည့်အခါ ကျွန်မတို့အိမ်ရှိ ဘုရားကျောင်းဆောင်မှဗုဒ္ဓရုပ်ပွားတော်မြတ်အား ကပ်လှူရန် ဆွမ်းဇလုံနှင့် ဟင်းပန်းကန်တို့ကို အိမ်ရှေ့ဧည့်ခန်းရှိစားပွဲပေါ်တွင် အစဉ်သင့် တင်ထားလိုက်ပါသည် ။
နံနက်ခြောက်နာရီဝန်းကျင်လောက်တွင် ဆွမ်းလောင်းရန် ပြင်ဆင်သည့်ကျွန်မ၏အလုပ် ပြီးဆုံးလေသည် ။ ထိုအချိန်တွင် လွန်ခဲ့သော မိနစ်အနည်းငယ်က မှောင်တချို့ညို့တစ်လီနှင့် မှိုင်းပြပြဖြစ်နေသော ကောင်းကင်သည် ကြည်ပြာရောင် သန်းလာပါတော့သည် ။ မိုးစင်စင်လင်းလေပြီ။ ကျွန်မသည် ၀ရန်တာတွင်ရပ်ကာ ဖူးသစ်စ ပန်းလေးတစ်ပွင့်နှင့်တူသည့် ပျိုမြစ်နုနယ်နေသောနံနက်ခင်း၏အလှတရားကို ကြည့်ရှုခံစားနေမိပါသည် ။
ကျွန်မတို့အိမ်ရှေ့ရှိ ၀ရန်တာမှတစ်ဆင့် ရှေ့တူရှုသို့ မျှော်ကာကြည့်လိုက်မည်ဆိုပါက ရွှေအိုရောင်တစ်လက်လက်ဖြင့် တောက်ပတင့်တယ်စွာ တည်ရှိနေသော စွယ်တော်မြတ် စေတီတော်ကြီးကိုဖူးမြင်တွေ့ရှိနိုင်ပါသည် ။ ကြည်ပြာရောင် ကောင်းကင် အား နောက်ခံထား၍ စိမ်းရောင်စိုသစ်ပင်ကြီးများဝန်းရံထားသည့် ရှုခင်းမှာ စေတီတော်မြတ်ကြီးအား ပို၍သပ္ပါယ်စေပါသည် ။ ကျွန်မသည် ထိုစေတီတော်ကြီးကိုဤ၀ရန်တာ၌ပင်လျှင် အကြိမ်ကြိမ် ဖူးမြော်ခဲ့ဖူးသည် ။ သူရိန်နေမင်းကြီးက စေတီတော်ကြီးအားသူ့အလင်းရောင်ဖြင့် ပူဇော်ထားသော နေ့လည်ခင်းအချိန်တွင် လည်းကောင်း ၊ နေမင်းကြီးသည်ယုဂန်တောင်စွန်းမှ အနောက်ကျွန်းသို့ ၀င်ရောက်ခါနီးတွင် ပုစွန်ဆီရောင်အသွေးနှင့် နောက်ဆုံးပူဇော်သွားရာညနေခင်းချိန်တွင် လည်းကောင်း ၊ စန္ဒာလမင်းက ထိန်ထိန်လင်း၍ ပူဇော်ရာ ညချမ်းချိန်ခါတွင်လည်းကောင်း၊ အကြိမ်ပေါင်းမြောက်များစွာ ဖူးမြော်ဖူးသည် ။ သို့သော် ဤကဲ့သို့ နံနက်စောစောတွင် ဖူးမြော်ရခြင်းသည်ကျွန်မ၏စိတ်အား ကြည်လင်အေးချမ်းစေသည်ဟု ထင်မြင်မိသောကြောင့် သဘောအကျဆုံး ဖြစ်သည် ။
နံနက်ချိန်ခါ ရှုခင်းသာ၏အလှအပတို့ကို တွေ့မြင်ခံစားရသောအခါ
“လူ့ဘုံလောက ၊ နိုးကာစသည့်
ချိုးကသံရှည် ၊ တောဘွဲ့သီ၍
ဤမှာမြေပြင် ၊ မြစိမ်းဆင်လျက်
ကောင်းကင်မိုးဝယ်၊ နီလာခြယ်နှင့်
အိုဘယ့်လူသား ၊ နှစ်ရောင်ကြားဝယ်
ခန့်ညားပေစွ ၊ ခန့်ပေစွ။ ” ဟူသည့် ဆရာကြီးဇော်ဂျီ၏ “ မြတ်ရိတ်သမား”ကဗျာလေးကို သတိရမိပါသည် ။ စိမ်းလန်းပြန့်ပြူးသော မြေပြင်နှင့် ကျယ်ပြန့်ပြာလဲ့သော ကောင်းကင်ပြင်နှစ်ခုအကြားလူသားအဖြစ် တည်ရှိရခြင်းမှာ ခန့်ညားလှပေ၏ ဟု စာဆိုရှင်ဆရာကြီးက တွေးမြင်ပုံရပါသည် ။“ လူ့ဘုံလောက နိုးကာစသည့် ” ဟုဦးစွာဖွဲ့သီထားသဖြင့်ထိုကဲ့သို့ အမြင်မျိုးရရှိလာသည်မှာလည်း နံနက်ခင်း၏ အလှအပက အပြည့်အ၀ ကူညီလိုက်ခြင်းကြောင့်သာလျှင်ဖြစ်ရမည်ဟု ကျွန်မထင်လိုက်မိပါသည် ။
ထိုသို့ အတွေး လွန်နေစဉ် ကြေးစည်သံလွင်လွင်ကို ကြားရသည် ။ ဆရာတော်သံဃာတော်များ ဆွမ်းခံကြွလာကြပေတော့မည် ။ ကျွန်မမေမေနှင့် ကျွန်မလည်း ဆွမ်း ဟင်း နှင့်လှူဖွယ်ပစ္စည်းတို့ကို ယူကာ ဆွမ်းလောင်းရန်သွားကြပါသည် ။ ကျွန်မတို့နည်းတူပင် အခြားဆွမ်းအလှူရှင်များသည်လည်း သံဃာတော်များ ကြွမည့်နေရာတွင်စုဝေးနေကြပါသည် ။ ဆွမ်းလောင်းမည့်အထဲတွင် ကျွန်မတို့အရွယ် လူငယ်များပါသကဲ့သို့ အသက်အရွယ်ကြီးသူလူကြီးသူမများလည်းပါသည် ။ ငွေကြေးချမ်းသာကြွယ်ဝသူများလည်းပါသကဲ့သို့ တစ်နိုင်တစ်ပိုင်ဈေးဆိုင်ထွက်၍ တစ်ဝမ်းတစ်ခါးအတွက် လှုပ်ရှားရုန်းကန်နေကြသူများလည်းပါသည် ။ ဆွမ်းနှင့်တကွ ဟင်းအစုံအလင်ကပ်လှူနိုင်သူများပါသကဲ့သို့ အသင့်အတင့် အချိုပွဲများလောက်သာ ကပ်လှူနိုင်သူများလည်းပါသည်။ စင်စစ်တွင်မူ အလှူအတန်း ပြုလုပ်ရာတွင် လှူဖွယ်ပစ္စည်း အနည်းအများသည် ပဓာနမဟုတ်ပါ ။အဓိကကျသည်မှာ အလှူရှင်၏စေတနာနှင့် သဒ္ဓါတရားသာလျှင် ဖြစ်ပါသည် ။
ဟိုးအဝေးဆီမှ ကြေးစည်သံသည် တဖြည်းဖြည်းနှင့် နီးသည်ထက်နီး လာပါသည်။ မကြာပါ ။ ဆရာတော်ကြီးများမှစ၍ ရှင်သာမဏေထိ သက်တော်ဝါတော် အမျိုးမျိုး ပါဝင်သည့် သံဃာတော်အပါးရှစ်ဆယ်ဝန်းကျင် ကြွချီလာပါသည် ။ ဟင်းများကို ဘုန်းကြီး ကျောင်းသားများက ချိုင့်အတွင်းသို့လှယ်ထည့်ကာယူသွားကြသော်လည်း ဆွမ်းကိုတော့ အလှူရှင်များကိုယ်တိုင် လောင်းလှူကြရပါသည် ။ ကျွန်မကတော့ဆွမ်းဇလုံထဲမှ ဆွမ်းကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်၍ခပ်၍ လောင်းလှူရတိုင်း ပီတိစိတ်များတဖွားဖွား ပေါ်၍ပေါ်၍ လာပါသည် ။ ဆွမ်းအလှူခံပုဂ္ဂိုလ်များမှာ ဘုရားသားတော် ရဟန်းသံဃာတော်များဖြစ်သည့်အတွက် မိမိပြုရသည့်အလှူအပေါ် ၀မ်းမြောက်ရသည့်အပြင်အချို့ ရှင်သာမဏေများမှာ အနယ်နယ်အရပ်ရပ်မှ လာရောက်၍ ဗုဒ္ဓစာပေကျမ်းဂန်များကို သင်ယူနေကြသောစာသင်သားများဖြစ်သည့်အတွက် ပို၍၀မ်းသာရပါသည် ။ ထိုသံဃာတော်များထဲတွင် နောင်တစ်ချိန်၌ဗုဒ္ဓသာသနာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်ထူး မြတ်များမပါဝင်နိုင်ဟု မည်သူဆိုနိုင်ပါအံ့နည်း။ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တကုမာရာဘိဝံသ ၊ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿရ စသော ဆရာတော်ကြီးများသည်လည်း ယခုကဲ့သို့ စာပေကျမ်းဂန်များကို နှံ့စပ်သိမြင်သောဆရာတော်ကြီးများ ဖြစ်လာစေရန် စာသင်သားဘ၀ကပင် စတင်ခဲ့ရသည်သာဖြစ်ပါသည် ။ ကျွန်မလှူဒါန်းသောဆွမ်းကိုဘုန်းပေးပြီး စာပေလေ့လာမည့် သံဃာတော်များကို မြင်ယောင်မိတိုင်း အတိုင်းထက်အလွန် ၀မ်းသာကြည်နူးရပါသည်။
ယခုမူ သံဃာတော်များသည်လည်း တစ်ပါးပြီးတစ်ပါးကျွန်မ၏ရှေ့မှ ကြွသွားပြီ ဖြစ်သည် ။ သံဃာတော်များ၏ သပိတ်တွင်း ပြည့်မောက်နေသော ဆွမ်းများကိုမြင်တိုင်း စိတ်အစဉ်၏ ချမ်းမြေ့ကြည်လင်မှုကို ခံစားရပါသည် ။ ထို့အပြင် သပိတ်အတွင်း ပြည့်မောက်နေသည်မှာလည်းဆွမ်းဟုမမြင်မိဘဲ အလှူရှင်တို့၏ စေတနာသဒ္ဓါတရားများ ဟုမြင်မိပါသည် ။
အပတ်စဉ် စနေနေ့တိုင်း ဆွမ်းလှူဒါန်းကြသောမြင်ကွင်းလေးသည် ကျွန်မအတွက် မရိုးနိုင်သော မင်္ဂလာရှိသော မြင်ကွင်းလေးပင် ဖြစ်ပါသည်။ ကြီးကျယ်ခမ်းနားစွာဖြင့် ခြိမ့်ခြိမ့်သဲ ကျင်းပသော အလှူပွဲကြီးမဟုတ်သော်လည်း အလှူရှင်တို့၏စေတနာ သဒ္ဓါတရားပြည့်ဝမှုကြောင့် ၀င့်ထည်နေသည်ဟု ကျွန်မ၏စိတ်တွင် ထင်မြင်မိပါသည် ။ ထို့အပြင်ဆွမ်းလောင်းလှူနေချိန်အတွင်းတွင် သံဃာတော်တို့၏ မျက်နှာတော်တို့တွင် တည်ငြိမ်အေးချမ်းမှုနှင့်သိက္ခာတရားကြီးမားမှုတို့ကို တွေ့မြင်နိုင်သကဲ့သို့ ဆွမ်းအလှူရှင်တို့၏ မျက်နှာများတွင်လည်းကြည်ညိုလေးစားမှုနှင့် ရက်ရောသော စေတနာတို့ကိုတွေ့မြင်ရပါသည် ။ ထိုကဲ့သို့ ဆွမ်းလောင်းချိန်အခိုက်အတန့်မြင်ကွင်းလေးသည် ကျွန်မအတွက် စိတ်ချမ်းမြေ့ ဖွယ်အကောင်းဆုံး ၊ မင်္ဂလာအရှိဆုံး မြင်ကွင်းလေးပင်ဖြစ်ပါတော့သည် ။
တော တောင် ရေမြေ သဘာဝရှုခင်းအလှသည်ကား မြတ်နိုးနှစ်သက်ဖွယ်ကောင်းသကဲ့သို့ ပန်းကလေးများသည်လည်း နှစ်သက်ဖွယ်ကောင်းလှပါသည် ။ သို့သော် သဘာဝတရားကြီးကဖန်တီးပေးထားသည့် ဖူးသစ်စပန်းလေးနှင့်တူသော နံနက်ခင်း၏အလှသည် သာ၍နှစ်သက်ဖွယ်ကောင်းပါသည်။ စင်စစ်တွင်မူ လူတစ်ဦးတစ်ယောက်ချင်းစီတွင် ရှိအပ်သော ကိုယ်ချင်းစာနာမှု ၊ ဘာသာရေးကိုင်းရှိုင်းမှု၊ စေတနာ သဒ္ဓါတရားပြည့်ဝမှု စသော စိတ်အလှနှင့် ပြည့်စုံခြင်းသည်ကား နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်ပါသည် ။
Admin>>>trend.com.mm
Post A Comment:
0 comments: