လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သရုပ်ဆောင်ဗေလုဝနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတို့ ဖားကန့်မြို့ကို စာပေဟောပြောပွဲသွားရင်း ကားတိမ်းမှောက်ခဲ့တယ်ဆိုတဲ့ သတင်းက မဟုတ်မှန်ဘဲ ဗေလုဝတစ်ဦးတည်းစီးနင်းခဲ့တဲ့ ကားပဲတိမ်းမှောက်ခဲ့တာဖြစ်ပြီး ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘူးလို့ လုံးခင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးလောခန်က ပြောပါတယ်။
ဒီနေ့ ညနေ သုံးနာရီလောက်က မြစ်ကြီးနား - ဖားကန့်သွားလမ်း ကာမိုင်းမြို့သွန်ဘုန်းခရွာနဲ့ လက်ဝါးကျေးရွာကြားမှာ သရုပ်ဆောင်ဗေလုဝ၊ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ဦးခင်မောင်ချင်း၊ လုံးခင်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးလောခန်တို့ လိုက်ပါလာတဲ့ ကားတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီနေ့ညမှာ ပြုလုပ်မယ့် စာပေဟောပြောပွဲကျင်းပရာ ဝှေခါးရွာကို ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက ရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးကိုကိုကြီး၊ စာရေးဆရာဇော်ခိုင်ဦးနဲ့ သရုပ်ဆောင်ဗေလုဝတို့ဟောပြောမယ့် စာပေဟောပြောပွဲကို ဒီနေ့ည ဝှေခါးကျေးရွာမှာ ပြုလုပ်မည်ဖြစ်ပေမယ့် သရုပ်ဆောင် ဗေလုဝက ဟောပြောဖို့ မသေချာတော့ဘူးလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ သိရပါတယ်။
Post A Comment:
0 comments: