ဘဏ်အပ်ငွေမှရရှိတဲ့ အတိုးအပေါ် ၀င်ငွေခွန် ကောက်ခံတာကို ယခုအစိုးရလက်ထက်မှာ လုံးဝဆောင်ရွက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘဏ်အပ်ငွေမှရရှိတဲ့ အတိုးအပေါ်မှာ ၀င်ငွေခွန်ကောက်ခံမယ်လို့ ပြည်တွင်းသတင်းမီဒီယာအချို့မှာ ဖော်ပြထားပြီး ပြည်သူလူထုအကြား ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက အထက်ပါအတိုင်း ပြောကြားလိုက်တာဖြစ်ကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
နိုင်ငံတော်ရဲ့စီးပွားရေး တည်ငြိမ်မှုရှိအောင် ဘဏ်တွေမှာအပ်တဲ့ငွေရဲ့ အတိုးအပေါ်မှာ ၀င်ငွေခွန်ကောက်ခံဖို့ လုံးဝလုပ်ဖို့မရှိပါဘူးလို့ ဦးအောင်နိုင်ဦးက ပြောကြားတာ ဖြစ်ပါတယ်။
ဝင်ငွေခွန်ဥပဒေအရ ဘဏ်အပ်နှံငွေအတိုးအပေါ်မှာ အခွန် ကောက်ခံနိုင်ပေမဲ့ နိုင်ငံ့စီးပွားရေးတည်ငြိမ်စေဖို့နဲ့ ငွေကြေးဈေးကွက် လှုပ်ခတ်မှုဖြစ်လာနိုင်တာကြောင့် အဆိုပါအတိုးကို ကောက်ခံမှာ မဟုတ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
‘‘အခွန်ကောက်လိုက်ရင် သူ့ ရဲ့ဟာက အခွန်ရတာတစ်ခုတည်း မဟုတ်ဘဲ Negative Impact (အဆိုးသက်ရောက်မှု)တွေ အ များကြီးရှိတယ်။ ဖြစ်လာနိုင်တဲ့ တခြားအခြေအနေတွေပေါ့။ ဥပမာပြောပြရရင် ဘဏ်မှာသွားအပ်ရင် အခွန်ကောက်ခံရမယ်ဆိုတော့ အခွန်မဆောင်ချင်တဲ့သူက ဘဏ်မှာ ဘယ်သွားအပ်တော့မလဲ။ တခြားကိစ္စတွေ ဥပမာ အိမ်ခြံမြေတွေမှာ သွားရင်းနှီးမြှုပ်နှံတာတွေ ဒါမျိုးတွေဖြစ်သွားနိုင်တယ်။ ဖြစ်တော့ ငွေကြေးဈေးကွက်ကြီးပါ လှုပ်သွားနိုင်တာပေါ့။ ဖြစ်နိုင်တာတွေ အများကြီးပေါ့။ ချဲ့ရင်ချဲ့သလောက်ဖြစ်သွားနိုင်တာပေါ့’’ လို့ ဦးအောင်နိုင်ဦးက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံပိုင်မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကလည်း ဖေဖော်ဝါရီ ၁၉ ရက်က ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေမှရရှိတဲ့ အတိုးအပေါ် အခွန်ပေးဆောင်ဖို့ ၀င်ငွေခွန်ဥပဒေအရ ပြဋ္ဌာန်းထားပေမဲ့ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ လက်ရှိအခြေအနေမှာ အခွန်ကောက်ခံဖို့ အစီအစဉ်မရှိကြောင်း ကြေညာခဲ့ပါတယ်။
Source: 7Day Daily
Post A Comment:
0 comments: