" ကြက်သား ဆန်လှော်ထုပ်ပေါင်း (ထိုင်း) – ၄ ထုပ်"








ထိုင်းရိုးရာ အစားအစာလေး တစ်မျိုးဖြစ်ပြီး များသောအားဖြင့် ကြက်ကို အသားချည်း သက်သက် မသုံးပဲ တစ်ကောင်လုံးကို ခုတ်ထစ်ပြီး သုံးလေ့ရှိကြပါတယ်။ မှို (သို့) မိမိကြိုက်နှစ်သက်ရာအရွက်များရောထည့်ပြီ ပေါင်းစားနိုင်ပါတယ်။
ဆန်ကို အတော်လေး ရွှေဝါညိုရောင်ဖြစ်လာသည်အထိလှော်ပြီး ကြေညက်အောင် ကြိတ်ထားပါ။ (ပိုသည့်ဆန်လှော်မှုန့်များကို အေးသွားပြီးနောက် လေလုံဗူးထဲ ထည့်သိမ်းထားနိုင်တဲ့အတွက် လိုအပ်သည်ထက် ပိုလှော်ထားခြင်းဖြစ်ပါတယ်။)
***... ကြိတ်မည့် ဟင်းအနှစ်အတွက် လိုအပ်တာလေးတွေ…
1. ပင်ပေါင်ဘောလုံးအရွယ်ခန့် ကြက်သွန်နီ – ၃ လုံး
2. ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်
3. အခွံခွါပြီး လှီးထားသော ပဒဲကော (galanga) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
4. အခွံခွါပြီးလှီးထားသော နနွင်းတက် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
5. အခွံမာများခွါထုတ်ပစ်ပြီးနောက် ပါးပါးလှီးထားသော စပါးလင် (lemongrass) – ၁ ပင်
6. စပ်သော ငရုတ်သီးတောင့် – ၅ တောင့်
7. မစပ်သော ငရုတ်သီးတောင့် – ၅ တောင့်
8. စိမ်းစားငါးပိ (shrimp paste) – ထမင်းစားဇွန်း တစ်ဝက်ခန့်
ဟင်းအနှစ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ကြိတ်စက်ထဲထည့်ပြီး အတော်လေးညက်အောင် ကြိတ်ပါ (သို့) ငရုတ်ဆုံထဲ ထည့်ထောင်းထားပါ။
***.. ကြက်သား ဆန်လှော်ထုပ်ပေါင်း အတွက် လိုအပ်တာလေးတွေ…
1. ဆီ – 1/4 cup (60 ml)
2. ကြိတ်ထားသော ဟင်းအနှစ်
3. လက်သန်းလုံးအရွယ်ခန့် လှီးထားသော ကြက်ပေါင်သား – 300 g
4. ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
5. ရေနွေး – 1/2 cup (125 ml)
6. ဆန်လှော်မှုန့် – 1/4 cup (60 ml)
7. လက်တစ်ဆစ်အရှည်ခန့်လှီးထားသော နံနံပင် – 1/2 cup (125 ml) ခန့်
8. လက်တစ်ဆစ်အရှည်ခန့်လှီးထားသော ကြက်သွန်ပင် – 1/2 cup (125 ml) ခန့်
9. ပါးပါးလှီးထားသော တောရှောက်ရွက် (kaffir lime leaves) – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ဆီ နှင့် ကြိတ်ထားသော ဟင်းအနှစ် ကို over medium heat ဖြင့် ၅ မိနစ်ခန့် (သို့) အနံ့မွှေးပြီး အဖတ်များအတော်လေးကျက်လာအောင် မွှေကြော်ပေးပါ။
အနံ့မွှေးလာလျှင် ကြက်သား နှင့် ငါးငံပြာရည်ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးပါ။
ပြီးနောက် ရေနွေးထည့်ကာ အနည်းငယ်မွှေပြီး ဆူလာအောင် တည်ထားပါ။
ဆူလာလျှင် ဆန်လှော်မှုန့်ထည့်မွှေပြီး အိုးကို မီးဖိုမှ ဖယ်ပါ။
နံနံပင်၊ ကြက်သွန်ပင် နှင့် တောရှောက်ရွက်ထည့်ကာ နှံ့သွားအောင် မွှေရောပေးပါ။
ပြီးလျှင် ပျော့သွားအောင် မီးအနည်းငယ်ကင်ထားသည့် (သို့) microwave ထဲ ၁ မိနစ်ခန့်ထည့်ထားသည့် ငှက်ပျောရွက်ကို ၂ ရွက်ထပ်ပြီး ချက်ထားသည့်ဟင်း ၄ ပုံ ၁ ပုံကို ထည့်ကာ မိမိအဆင်ပြေသလို လုံအောင် ထုတ်ပေးပါ။
ထုပ်ပြီးသည့် အထုပ်များကို ပေါင်းမည့်အိုးထဲ မှောက်ထည့်ကာ အပေါ်မှ ငှက်ပျာရွက် (သို့) aluminium foil ဖြင့် အုပ်၍ အဖုံးလုံအောင်ဖုံးကာ high heat ဖြင့် မိနစ် ၃၀ ခန့်ပေါင်းပေးပါ။
မိနစ် ၃၀ ခန့် ပေါင်းပြီးလျှင် မီးပိတ်ကာ အိုးအဖုံး မဖွင့်သေးပဲ ၁၀ မိနစ်ခန့် မီးဖိုပေါ်မှာဆက်ထားပြီးနောက် ပူမွှေးစပ်ကာ အရသာရှိလှသော ကြက်သား ဆန်လှော်ထုပ်ပေါင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။







" ကြက်သား ဆန်လှော်ထုပ်ပေါင်း (ထိုင်း) "
Post A Comment:
0 comments: