တစ်နှစ်ကို ဆေးဖက်ဝင် ခွေးလှေးယားသီးအစေ့ တန်ချိန် ၂ဝ ခန့် အာရှနိုင်ငံအချို့သို့ တင်ပို့နေရတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံးရဲ့ ခွေးလှေးယားသီး စိုက်ပျိုးထွက်ရှိမှုမှာ တစ်နှစ်ကို တန်ချိန် ၃ဝ ခန့်ရှိပြီး ပြည်တွင်းမှာ ၁ဝ တန်ခန့် အသုံးပြုကာ ပြည်ပသို့ တန်ချိန် ၂ဝ ခန့် တင်ပို့တာဖြစ်တယ်လို့ မကွေးမြို့မှ ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းအောင်ရဲ့ ပြောကြားချက်ကို မြဝတီသတင်းတစ်ရပ်မှာ ဖေဖော်ဝါရီ ၁၆ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ခွေးလှေးယားသီးမှာ အရိုင်းနဲ့အယဉ် နှစ်မျိုးရှိပြီး အယဉ်ကိုသာ စိုက်ပျိုးစားသုံးကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့အိန္ဒိယနိုင်ငံတွေသို့ အဓိက တင်ပို့နေတာဖြစ်ပြီး ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့ကလည်း အားတိုးဆေးအတွက် နှစ်ခြားကာ လာရောက်ဝယ်ယူကြကြောင်း ဦးသန်းအောင်က ပြောကြားခဲ့ပါတယ်။
၂ဝ၁၆ နှစ်ကုန်ပိုင်းက ခွေးလှေးယားသီးအစေ့ တစ်တင်းကို ငွေကျပ် ၁၅ဝဝဝဝ ဈေးရှိပြီး ယခုလက်ရှိမှာ ငွေကျပ် ၈ဝဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းတိုင်းရင်းဆေးအမျိုးအစား ၁၀ မျိုးခန့် ဖော်စပ်ဖို့အတွက်လည်း ခွေးလှေးယားသီးကို ဝယ်ယူမှုရှိကြောင်း သိရပြီး ခွေးလှေးယားသီးကို နယ်စပ်သို့ တင်ပို့ရာမှာ အသင်းအဖွဲ့မရှိတာကြောင့် စိုက်ပျိုးထုတ်လုပ်သူတွေနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက သွားရောက်တင်ပို့ရတယ်လို့ သိရပါတယ်။
ခွေးလှေးယားပင်ရဲ့မူလဒေသဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်း အာရှဒေသနဲ့ အာဖရိကဒေသတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ ပေါက်ရောက်နိုင်တာဖြစ်ပါတယ်။
ခွေးလှေးယားသီးကို တစ်နှစ်တစ်ကြိမ် စိုက်ပျိုးနိုင်ပြီး ယိုးဒယားခွေးလှေးယားသီးလို့ခေါ်တဲ့ အိန္ဒိယမျိုးစေ့မှာ တစ်နှစ်ကို နှစ်ကြိမ်စိုက်ပျိုးရတာကြောင့် စမ်းသပ်စိုက်ပျိုးနေတယ်လို့ သိရပါတယ်။
ခွေးလှေးယားသီးအစေ့မှာ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ဆေးဖက်ဝင် အာနိသင် ရှိခြင်းကြောင့် သင့်တင့်တဲ့ ပမာဏခန့်သာ စားသုံးသင့်ကာ စားသုံးမှုပမာဏများရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်တယ်လို့ ခွေးလှေးယားသီး စိုက်ပျိုးထုတ်လုပ်သူ ဦးသန်းအောင်က ပြောကြားထားပါတယ်။
duwun.com.mm
Post A Comment:
0 comments: