ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ အမူအယာကို ကြည့်ပြီး လူတွေကို အကဲဖြတ်လို့ ရပါတယ်။ သုတေသနတွေအရ လူတွေရဲ့ ကိုယ်အမူအယာကို ကြည့်ပြီး ထိုလူ့အကြောင်း ဖတ်ခြင်းဟာ ၅၅ % မှန်ပြီး အသံအနိမ့်အမြင့်နဲ့ ဖတ်တာက ၃ဝ% မှန်တယ်လို့ ဆိုပါတယ်။ သူတို့ ရွေးချယ်ပြီး ပြောတဲ့ စကားလုံးတွေက ၇% သာ မှန်ကန်ပါတယ်။
လူတယောက်ကို သူပြောတဲ့စကားတွေ နားထောင်ပြီး ယုံလို့ မရပါဘူး။ လူတစ်ယောက်ကို ယုံလို့ ရ၊ မရ ဆိုတာကို သူ အသက်မွေးဝမ်းကြောင်းပြုနေတဲ့အရာနဲ့လည်း တိုင်းတာလို့ မရပါဘူး။ သူ့ရဲ့ ရာထူး၊ ရထားတဲ့ ဘွဲ့၊ သူ့ရဲ့ အသုံးအဆောင်တွေကို ကြည့်ပြီး လုံးဝ ဆုံးဖြတ်ချက်ချလို့ မရပါဘူး။
(၁) ဘယ်လိုပုံစံလဲ၊ ဘာတွေဝတ်ဆင်ထားလဲ ကြည့်လိုက်ရင် မြင်ရတဲ့အမြင်
ဘာတွေ ဝတ်ထားသလဲဆိုတာ ကြည့်ပြီး သူ့ အကျင့်စရိုက်နဲ့ စိတ်ခံစားချက်ကို ခန့်မှန်းကြည့်နိုင်ပါတယ်။ လက်ဝတ်ရတနာတွေ၊ အင်္ကျီ၊ လုံခြည်၊ ဖိနပ်၊ မျက်မှန် စတာတွေကို ကြည့်ပြီး သူ့အကြိုက်ကို ခန့်မှန်းနိုင်တယ်။ အဝတ်အစားကို အသားအရေပေါ်အောင် ဝတ်ထားတဲ့ မိန်းကလေးတယောက်ဆိုလည်း ဝတ်ပုံစားပုံအပြင် အနေအထိုင်ပါကြည့်ပြီး ခွဲခြားသိနိုင်တယ်။ သာမန်ဝတ်စားထားရင် အေးအေးဆေးဆေးနေတတ်တဲ့ လူဖြစ်မယ်။ ယူနီဖေါင်းတွေနဲ့ အခြားဝတ်စုံတွေကလည်း သူ့အကြောင်း သူ့အနေအထားနဲ့ အဆင့်အတန်းတွေကို ပြောပြနေမယ်။ ဒါပေမယ့် အပြင်ပန်းအမြင်က ၅၅ % မှန်တယ်ဆိုသလိုပဲ ဒါက ခန့်မှန်းချက်သာ ဖြစ်နိုင်ပါတယ်။
(၂) ခန္ဓာကိုယ် အနေအထား
ထိုင်နေရင် ဘယ်လိုထိုင်နေတာလဲ။ ခေါင်းမော့ပြီး လမ်းလျှောက်တာလား၊ ဟိုတိုက်ဒီတိုက်နဲ့လား၊ ဖြောင့်ဖြောင့်တန်းတန်းလျှောက်တာလား၊ ခေါင်းငုံ့ပြီး မြေကြီးကိုပဲ ကြည့်လျှောက်တာလား၊ သူ့ကိုယ်သူ ယုံကြည်မှု နည်းတဲ့ပုံနဲ့လား။
(၃) ကိုယ်အမူအရာနဲ့ လှုပ်ရှားမှုတွေ
ခေါင်းက တစ်ဖက်ဖက်ကို စောင်းထားတတ်တာ၊ တစ်ခုခုကို မှီနေတတ်တာ၊ မတ်တပ်ရပ်တဲ့အခါ လက်ပိုက်ထားတာ၊ လက်ကို နောက်မှာ ချိတ်ထားတာ၊ ခြေထောက်ကို လှုပ်နေတတ်တာ၊ ခြေခြင်းချိတ်ထိုင်တာ စသဖြင့်အများကြီး ရှိပါတယ်။ ဒူးနဲ့ ခြေမတွေရဲ့ ဦးတည်ချက်က သူနဲ့ အဆင်ပြေမယ်ထင်တဲ့ လူ ရှိရာဘက်ကို ညွှန်နေတတ်တယ်။ လက်သည်း၊ နှုတ်ခမ်းကိုက်နေရင် သူ့မှာ တစ်ခုခုကို ခံစားနေရတာ၊ အသည်းယားတာ၊ စိတ်ကို ထိန်းချုပ်ထားရတာတွေ ဖြစ်နိုင်ပါတယ်။
(၄) မျက်နှာအမူအရာ
သုန်မုန်နေတယ်ဆိုရင် မကျေနပ်တာ၊ စိတ်ရှုပ်နေတာ ဖြစ်နိုင်တယ်။ မျက်မှောင်ကုပ်နေရင် တစ်ခုခုကို တွေးတောနေပြီး စိုးရိမ်မှုရှိနေတယ်။ မေးကြောကြီး တစ်လှုပ်လှုပ်နဲ့ ဖြစ်နေရင် အံကြိတ်ပြီး တင်းနေတာ၊ နှုတ်ခမ်းတွေတင်းတင်း စေ့ထားတာဆို ဒေါသထွက်နေတာ။ ပြုံးနေတာကတော့ ကျေနပ်နေတာ။ ဒါပေမယ့် ဟန်ဆောင်ပြုံးတာဆို မျက်လုံးအစွန်မှာ အစင်းလေးတွေ ပေါ်မနေတော့ဘူး။
(၅) ကိုယ့်အသိကနေ ပြောနေတဲ့စကား (Instinct)
တစ်ခါတစ်လေ လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူဘာဖြစ်နေတယ်ဆိုတာမျိုး အလိုလိုသိနေတတ်တဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်။ ဒါမျိုးကို တစ်ချို့လူတွေက ပိုခံစားသိလေ့ရှိပြီး မိမိနဲ့ ရင်းနှီးနေတဲ့သူတွေဆို ပိုသိနေတတ်ပါတယ်။ လူတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ သူပြောတာကိုရော၊ သူပြောစကားထဲမှာ မပြောလိုက်တာကိုကော ရအောင် ရင်ဘတ်နဲ့ နားထောင်ကြည့်ပါ။ ဖုံးထားတဲ့ မျက်နှာဖုံးနဲ့ ဝတ်ရုံတွေခွာပြီး သူ့စိတ်တကယ့်အစစ်ကို မှန်အောင် ကြည့်ပါ။
Post A Comment:
0 comments: