ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးတွေဆီက အလှူခံတဲ့ ရဟန်း ၅၁ ပါးနဲ့ သီလရှင်နှစ်ပါးကို ဖေဖော်ဝါရီ ၁၄ ရက်က အရေးယူခဲ့တယ်လို့ သိရပါတယ်။
ဂေါပကအသစ်လက်ထက်မှာ ရဟန်း၊ သံဃာတွေနဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမျှ အလှူမခံဖို့ ထုတ်ပြန်ထားပြီး အလှူခံရဟန်းတွေ တွေ့ရှိတာကြောင့် ဂေါပကအဖွဲ့တွေ၊ ကျိုက်ထိုမြို့နယ် သံဃနာယကအဖွဲ့၊ ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးမှူး၊ ကင်မွန်းချောင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သံဃာတော် ၅၁ ပါးနဲ့ သီလရှင်နှစ်ပါးကို လူဝတ်လဲခဲ့တာ ဖြစ်ပါတယ်။
ဘုရားဖူးသူတွေကို နေ့တိုင်းနေ့တိုင်း တောင်းနေတာတွေ့တော့ ဝိနည်းနဲ့ မညီလို့ ဒီလိုလုပ်လိုက်တာဖြစ်ပြီး နိုင်ငံခြားဘုရားဖူးတွေအတွက် မြင်မကောင်းဘဲဖြစ်နေကာ နောက်လည်း အရေးယူသွားမှာဖြစ်တယ်လို့ ဂေါပက ဦးအေးမြင့်သိန်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
လူဝတ်လဲအရေးယူထားတဲ့ ရဟန်းသံဃာတွေဟာ အဖွဲ့လိုက် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အလှူခံတာဖြစ်ပြီး သူတို့ကို စစ်ဆေးစဉ် အလှူခံရရှိထားတဲ့ ငွေကျပ် ၁၀ သိန်းကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ် သံဃနာယကအဖွဲ့က စစ်ဆေးမှုတွေလုပ်ပြီး လူဝတ်လဲကာ နေရပ်ဒေသသို့ ပြန်လွှတ်လိုက်ပါပြီလို့ ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးမှူး ဦးဝေနိုင်က ပြောပါတယ်။
ကျိုက်ထီးရိုး ဂေါပကအသစ်လက်ထက်မှာ ဝန်ထမ်းတွေ အသစ်ခန့်အပ်ထားခြင်း၊ ဘုရားပေါ်ရှိ အလှူခံကန်ထရိုက်စနစ်တွေ ဖျက်သိမ်းခြင်း၊ ဈေးဆိုင်ခန်းတွေကို ဘုရားဖူးသူတွေ စိတ်အနှောင့်အယှက်မဖြစ်စေရေး စည်းကမ်းချက် ထုတ်ပြန်ခြင်းနဲ့ အရေးယူခြင်း၊ တောင်တက်ကား နောက်ခန်းကို ဈေးနှုန်းလျှော့ချခြင်းကိစ္စတွေ ပြုလုပ်ခဲ့ပါတယ်။
Source: 7Day Daily
Photos: The Voice,7DayDaily
Photos: The Voice,7DayDaily
Post A Comment:
0 comments: