
Google က မိုးပျံဘောလုံးများဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသများအတွက် အင်တာနက် ထုတ်လွှင့်ပေးမယ့် နည်းပညာကို လွန်ခဲ့တဲ့ ၄ နှစ်နီးပါးက စတင် တီထွင်နေခဲ့ပါတယ်။ အဲဒီ စီမံကိန်းကို Project Loon လို့ အမည်ပေးထားပြီး နည်းပညာ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သမိုင်းဝင်အောင်မြင်မှု တစ်ခုကို Google က ဖန်တီးနိုင်ခဲ့ပါပြီ။
အခုအောင်မြင်မှု မတိုင်ခင်မှာတော့ Google ရဲ့ မိုးပျံဘောလုံးများဟာ ကမ္ဘာမြေပြင်ရဲ့ အထက် မိုင် ၂၀ အကွာကနေ လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန် ရွှေ့လျား၍ အင်တာနက် ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးတစ်လုံးဟာ လမ်းကြောင်းကနေ သွေဖွဲသွားခဲ့ရင် အခြားဘောလုံးတစ်လုံးက အဲဒီဘောလုံးနေရာမှာ အစားထိုး ၀င်ရောက်မှာ ဖြစ်ပါတယ်။
အခုတော့ မိုးပျံဘောလုံးများကို လေလမ်းကြောင်းထဲမှာ မျောပါစရာမလိုဘဲ တစ်နေရာထဲမှာ စုစည်းနိုင်တဲ့ နည်းပညာကို Google က တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Project Loon ကို ဦးဆောင်နေတဲ့ Astro Teller က အရင်လို ဘောလုံး ၂၀၀ ကနေ ၄၀၀ အထိ မလိုဘဲ ဘောလုံး ၁၀ ကနေ ၃၀ လုံးလောက်နဲ့ နေရာဒေသတစ်ခုအတွက် တည်ငြိမ်တဲ့ အင်တာနက်ကို ထုတ်လွှင့်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုပြုလုပ်နိုင်ဖို့အတွက် Google အင်ဂျင်နီယာများက တည်နေရာ ထိန်းချုပ်မှု စနစ်ကို တိုးတက်အောင် တီထွင်ခဲ့ရပြီး ဥာဏ်ရည်တု နည်းပညာဖြင့် ဘောလုံးများရဲ့ တည်နေရာကို ထိန်းညှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းပညာအသစ်ကြောင့် လိုအပ်တဲ့ ဘောလုံး အရေအတွက်ကို အဆ ၁၀၀ လျှော့ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအတွက် ကုန်ကျစားရိတ်များလည်း သက်သာမှာ ဖြစ်ပြီး မျှော်လင့်ထားတာထက် ပိုမိုစောစီးစွာ ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
ref : tnw
Post A Comment:
0 comments: