လုံခြုံရေးက
လူတိုင်းအတွက် အရေးကြီးသည်။ အထူးသဖြင့် အမျိုးသမီးများအတွက်။ အကြမ်းဖက်မှု၊
ဓားပြမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အဓမ္မကျင့်မှု၊ အိမ်တွင်း
အကြမ်းဖက်မှု စသည် စသည်ဖြင့် မဆုံးနိုင်သော အနိုင်ကျင့်မှုများဒဏ်
အမျိုးသမီးတို့ ခံနေရသည်။
၂၀၁၂ ဒေလီ အုပ်စုဖွဲ့ အဓမ္မမှုက ကမ္ဘာကို တုန်လှုပ်စေခဲ့သည်။ အရှေ့တိုင်းတွင်သာမက အနောက်တိုင်းမှာလည်း အမျိုးသမီးတို့ဘဝ မလုံခြုံမှုက အလားတူပင်။ ကံကောင်းသည်မှာ အမျိုးသမီးတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ္စည်းတွေလည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ တွယ်အပ်၊ ငရုတ်ရည် မှုတ်ဆေးဘူး၊ ခဲလုံးတို့လို ပစ္စည်းတွေသာမက ယနေ့ နည်းပညာ တိုးတက်မှုကလည်း အမျိုးသမီးတို့အဖို့ လက်နက်တစ်ခု ဖြစ်လာပြီ။ အထူးသဖြင့် စမတ်ဖုန်းများ။
စမတ်ဖုန်းထဲက တည်နေရာပြ GPS စနစ်သည် သက်ဆိုင်ရာ အမျိုးသမီး ဘယ်ရောက်နေလဲကို အခြားလူများ အတိအကျ သိနိုင်အောင် ပြပေးနိုင်သည်။ အလားတူပင် ဖုန်း၏ Message၊ ဗီဒီယို၊ အသံစနစ်များကလည်း အန္တရာယ်ကြုံနေသော အမျိုးသမီးကို ဘေးလူများ သတိထားမိအောင် ကူပေးနိုင်ပြန်သည်။
သို့ဖြစ်ရာ ရည်းစားနဲ့ သွားချိန်းတွေ့တာကအစ၊ ညခင်းပိုင်း အပြင်ထွက် ဈေးဝယ်တာအလယ်၊ ညဘက် အလုပ်က အိမ်အပြန် နောက်ကျတာအဆုံး ကိုယ့်ကို ဘေးနားက စောင့်ရှောက်ပေးမည့် သူတစ်ယောက် ရှိနေသည့်အလား လက်ထဲက ဖုန်းကို အသုံးချနိုင်သည်။ သုံးရလည်း လွယ်သည်။ အောက်တွင် အမျိုးသမီးတို့အဖို့ လုံခြုံရေး App ၇ မျိုး အကြံပြု ဖော်ပြလိုသည်။ မိမိလိုအပ်ချက်နှင့် ကိုက်ညီတာကို Download ဆွဲပြီး အသုံးပြုလိုက်ပါလေ။
My Panic Alarm
တစ်ယောက်ယောက် ကိုယ့်နောက် လိုက်နေသည်ဟု ကျောမလုံ ခံစားနေရပါလား။ My Panic Alarm က ကူပေးနိုင်သည်။ My Panic Alarm သည် ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အကျယ်ဆုံး အချက်ပေးသံလည်း မြည်၊ ဖုန်း Flash မီးလည်း တဖျတ်ဖျတ် လက်ကာ ဘေးလူများ ကိုယ့်ကို သတိထားမိလာအောင် လုပ်ပေးလိမ့်မည်။ ထိုသို့ ဘေးလူများ ကိုယ့်ကို သတိထားမိလာလျှင် ကိုယ့်နောက်က နောက်ယောင်ခံ လိုက်နေသူလည်း လန့်ကာ ရှောင်တိမ်းသွားလိမ့်မည်။ ညပိုင်း လူပြတ်သည့် နေရာများမှာ သွားလာနေရသည့် အမျိုးသမီးများအဖို့ အထူးအသုံးဝင်မည်။
Watch Over Me
လူပြတ်သည့် နေရာမျိုးကို ဖြတ်သွားရမည့် အခါမျိုးမှာ အမျိုးသမီးတို့ အန္တရာယ်ကင်းဖို့ Watch Over Me က ကူပေးနိုင်သည်။ Watch Over Me ဆိုသည့် နာမည်ကိုက “စောင့်ရှောက်ပေးပါ” ဟု အဓိပ္ပါယ်ရသည်။ ကိုယ့်ကို အချိန်ဘယ်လောက်ကြာကြာ စောင့်ကြည့်ပြီး စောင့်ရှောက်ပေးစေ လိုသည်ကို Watch Over Me ထဲမှာ ရိုက်ထည့်ပေးထား လိုက်ရုံဖြစ်သည်။ ထိုအချိန်ကာလအတွင်း မိမိသွားလာ နေသည်များကို GPS ကနေ စောင့်ကြည့်ပေးနေ လိမ့်မည်။ ကိုယ်သွားလိုသည့် နေရာကို သတ်မှတ်ချိန်အတွင်း ရောက်သွားသည်နှင့် အန္တရာယ်ကင်းကင်း ရောက်ပြီဆိုသော ခလုတ်ကို နှိပ်ပေးလိုက်ရုံ ဖြစ်သည်။ အကယ်၍ သတ်မှတ်ချိန်အတွင်း မိမိသွားလိုသည့် နေရာကို မရောက်လျှင်၊ သတ်မှတ်ချိန် ကျော်သည်အထိ အန္တရာယ်ကင်းကင်း ရောက်ပြီဆိုသော ခလုတ်ကို မနှိပ်လျှင် အမျိုးသမီးသည် အန္တရာယ်တစ်ခုခု ကြုံနေနိုင်သည်ဟု သတ်မှတ်ကာ Watch Over Me သည် ဖုန်းထဲက လူများထံ Message, email, Facebook တို့ကတစ်ဆင့် ဆက်သွယ် အကြောင်းကြား ပေးလိမ့်မည်။ မည်သူတွေထံ အကြောင်းကြား ပေးစေလိုကြောင်းကို App စသုံးကတည်းက ကြိုတင် သတ်မှတ်ပေးထားရမည်။ အမျိုးသမီးသည် လမ်းမှာ အန္တရာယ်ကြုံကာ ဖုန်းနဲ့ ကင်းလွတ်သွားလျှင်ပင် သတ်မှတ်ချိန် ကျော်သွားသည်နှင့် Watch Over Me က သက်ဆိုင်သူများကို လှမ်းအကြောင်းကြားပေးခြင်းဖြင့် အကူအညီ အမြန်ဆုံး ရောက်လာနိုင်သည်။
Guardly
Guardly သည်လည်း ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ကြိုတင်သတ်မှတ်ထားသော လူ ၁၅ ဦးထံ ချက်ချင်း ဆက်သွယ်နိုင်အောင် စီစဉ်ပေးထားသည်။ မိမိ ဆက်သွယ်လိုသူများ၏ ဖုန်းနံပါတ်၊ email, facebook စသည်တို့ကို ကြိုတင်ထည့်သွင်း ပေးထားရမည်။ သက်ဆိုင်ရာ ရဲစခန်းကိုပါ အလိုအလျောက် ဖုန်းခေါ်ပေးနိုင်သည်။ message ပို့၊ ဖုန်းခေါ်ခြင်းသာမက အင်တာနက် ဗီဒီယိုဖြင့်ပါ လူ ၁၅ ဦးထံ တိုက်ရိုက်ခေါ်ဆို နိုင်အောင်လည်း ဖန်တီးပေးထားရာ အန္တရာယ်ကြုံရချိန်တွင် မိမိကို ကူညီမည့်သူ ၁၅ ဦးထိ မိမိဘေးမှာ ရှိနေသလို ဖြစ်သည်။

StaySafe
StaySafe သည်လည်း Watch Over Me ကဲ့သို့ပင် သတ်မှတ်ချိန် ကျော်သွားပါက သက်ဆိုင်သူများထံ အလိုအလျောက် အချက်ပေးနိုင်သည့် လုံခြုံရေး App မျိုး ဖြစ်သည်။ အကယ်၍ အန္တရာယ်ပြုသူက StaySafe အကြောင်းသိ၍ အချိန်သတ်မှတ်ထားခြင်းကို ဖျက်ပစ်ဖို့ ဖိအားပေး ခြိမ်းခြောက်လျှင်ပင် duress pin စနစ်ကိုသုံးကာ ဖျက်ပစ်လိုက် ဟန်ဆောင်လိုက်နိုင်သည်။ တကယ်တမ်းမှာ ဖျက်ပစ်ခြင်း မဟုတ်ဘဲ သက်ဆိုင်သူများထံ ချက်ချင်း အရေးပေါ် အကူအညီ လှမ်းတောင်းလိုက်ခြင်း ဖြစ်သည်။ ဒုက္ခကြုံနေပြီ ဖြစ်ကြောင်းကို မိမိကြိုတင် သတ်မှတ်ပေးထားသော ဆက်သွယ်ရမည့်သူများထံ Stay Safe က message ၊ email စသည်တို့ ချက်ချင်း ပေးပို့လိမ့်မည်။ မိမိတည်နေရာကိုပါ GPS နဲ့ ဖော်ပြမည် ဖြစ်သောကြောင့် ရဲတပ်ဖွဲ့အနေဖြင့်လည်း နေရာအတိအကျကို အမြန်ဆုံးရောက်လာနိုင်မည်။
Wave
မိသားစုဝင်ချင်း၊ မိတ်ဆွေ သူငယ်ချင်းချင်း စောင့်ရှောက်နိုင်သော App ဖြစ်သည်။ ၁၀ ဦးထိ ချိတ်ဆက် အသုံးပြုနိုင်သည်။ တစ် ဦး၏ တည်နေရာကို ကျန် ၉ ဦးက အချိန်နဲ့ တစ်ပြေးညီ မြင်နေနိုင်သည်။ Wave ထဲတွင် ပါဝင်သူများ၏ တည်နေရာ အတိအကျကို မြေပုံပေါ်တွင် GPS ဖြင့် ပြသပေးမည် ဖြစ်သည်။ သို့ဖြစ်ရာ မိမိအိမ်သားတစ်ယောက် ညမိုးချုပ်မှ အလုပ်က ပြန်လာရလျှင်လည်းကျန် အိမ်သားများက Wave ထဲကနေ ထိုသူရောက်နေသည့် တည်နေရာကို ကြည့်နေနိုင်မည် ဖြစ်သည်။ အိမ်နဲ့ ဝေးသေးလား၊ နီးလာပြီလား၊ ဘာဖြစ်နေလဲကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်နေမည်။ အန္တရာယ်ကြုံရသည် ဆိုလျှင်လည်း ဘယ်နေရာမှာဆိုတာ အတိအကျ သိနေသဖြင့် အမြန်ဆုံး အရောက်သွားနိုင်မည်။
bSafe
bSafe သည်လည်း မိမိ တည်နေရာကို အခြားသူများက အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင် ဖန်တီးပေးသည်။ မည်သူများနဲ့ တည်နေရာ အချက်အလက် မျှဝေမည်ကို ကြိုတင်သတ်မှတ် ပေးထားရန်သာ လိုသည်။ အန္တရာယ်တစ်ခုခု ကြုံပါက အချက်ပေး ခလုတ်ကို တစ်ချက်နှိပ်လိုက်ရုံဖြင့် မိမိချိတ်ဆက် ထားသူများဆီ တစ်ပြိုင်နက် အချက်ပေးလိမ့်မည်။ မိမိ တည်နေရာ အတိအကျကိုပါ GPS အချက်အလက်ဖြင့် ဖော်ပြမည် ဖြစ်သောကြောင့် အန္တရာယ်ကြုံနေသည့် နေရာကို ချက်ချင်း လိုက်လာနိုင်မည်။ အန္တရာယ် အချက်ပေး ခလုတ်ကို နှိပ်လိုက်သည်နှင့် မိမိဖုန်းသည် အသံဖမ်းထားမည် ဖြစ်သလို၊ ဗီဒီယိုလည်း အလိုအလျောက် ရိုက်နေလိမ့်မည်။ နောင်တွင် မိမိကို အန္တရာယ်ပြုသူအား ရဲတိုင်ကာ ဖမ်းဆီးအရေးယူဖို့ အသုံးဝင်လိမ့်မည်။ မိမိကို လိုက်နှောင့်ယှက်နေသူ လန့်သွားအောင် တစ်ယောက်ယောက်ဆီက ဖုန်းဝင်လာပုံမျိုး အတုဖန်တီး ထားလို့လည်း ရသေးသည်။
OnWatchOnCampus Safety First
စာရင်းများအရ အမေရိကန်တွင် တက္ကသိုလ်ကျောင်းသူ ငါးယောက်တွင် တစ်ယောက်သည် ကျောင်းဝင်းအတွင်း ပုံစံတစ်မျိုးမျိုးဖြင့် အနိုင်ကျင့် စော်ကားတာမျိုး ကြုံဖူးကြကြောင်း သိရသည်။ OnWatchOnCampus Safety First က ထိုပြဿနာကို ဖြေရှင်းပေးလိမ့်မည်။ အနိုင်ကျင့်သူနဲ့တိုးလျှင် မိမိသူငယ်ချင်း၊ တက္ကသိုလ် ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ အရေးပေါ် ဖုန်းလိုင်းတို့ကိုပါ OnWatch OnCampus Safety First က အလိုအလျောက် Message ပို့နိုင်၊ ဖုန်းခေါ်ပေးနိုင်သည်။ Message ပို့ရာတွင် မိမိ၏ တည်နေရာ GPS အချက်အလက်ပါ ပါဝင်မည်မို့ ရဲတပ်ဖွဲ့ဝင်တွေ၊ မိမိ သူငယ်ချင်းတွေ အမြန်ဆုံး ရောက်လာနိုင်ကြ လိမ့်မည်။
Admin>>>internetjournal.media
ကိုမိုး(နည်းပညာ)
www.komoe.org

Post A Comment:
0 comments: