ပုသိမ်-သာပေါင်းလမ်းပေါ်မှာ ဆောက်လုပ်နေတဲ့ ရေထွက်ပေါက်တံတားငယ် ၁၈ စင်း တည်ဆောက်နေရမှာ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့တံတားနှစ်စင်းကို ပြန်လည်တည်ဆောက်ဖို့ အဆိုပါတံတာတွေကို တည်ဆောက်ခဲ့တဲ့ တာဝန်ခံအင်ဂျင်နီယာကို ပြန်လည်ပေးလျော်ခိုင်းခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲကနေသိရပါတယ်။
တံတားအောက်ခြေတွေရဲ့အခင်းက သံကူကွန်ကရစ် တစ်ပေခွဲထုရှိရမှာဖြစ်ပေမယ့် ခြောက်လက်မထုခန့်လောက်ပဲရှိနေပြီး မြေထိန်းနံရံတွေက ညီညာမှုမရှိဘဲ ဆက်ကြောင်းတွေဖြစ်နေကာ မြေထိန်းနံရံတွေရဲ့ထုထည်က သတ်မှတ်ထားတဲ့ပမာဏနဲ့ ကိုက်ညီမှုမရှိတဲ့ အချက်တွေတွေ့ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
‘‘ဒါဘတ်ဂျက်နဲ့လုပ်တာ။ ဘတ်ဂျက်နဲ့လုပ်တာ ဖြစ်တဲ့အတွက် ဒါကို ဖြိုမယ်။ ဖြိုမယ့်ကုန်ကျစရိတ်၊ အသစ်ပြန်ဆောက်တဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာတာဝန်ရှိသူက လျော်ရမယ်’’လို့ ဝန်ကြီးဦးဝင်းဌေးက အဆိုပါတံတားများကို စစ်ဆေးနေတုန်းမှာ ပြောပါတယ်။
တံတားတစ်စင်းရဲ့လက်ရှိဆောက်လုပ်ပြီးစီးမှုအရ ကုန်ကျ စရိတ်က ကျပ် ၅၇ သိန်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တည်ဆောက်တာဖြစ်ကာ အဆိုပါတံတားနှစ် စင်းရဲ့ တာဝန်ခံအင်ဂျင်နီယာက ကျောင်းကုန်းမြို့နယ်မှ အမျိုးသမီး အင်ဂျင်နီယာဖြစ်ပြီး တံတားနှစ်စင်းအတွက် စုစုပေါင်း ကျပ် ၁၁၄ သိန်းလောက် ပေးလျော်ရမယ်လို့ ဆိုပါတယ်။
အဆိုပါ တံတားတစ်စင်းကို ခန့်မှန်းကုန်ကျစရိတ် ကျပ်သိန်း ၂၅၀ ပတ်ဝန်းကျင်ရှိပြီး လာမယ့် မတ်လကုန်မှာ ဘတ်ဂျက်အပြတ်ဖြတ်ရမှာဖြစ်လို့ အားချင်းတည်ဆောက်နေတာဖြစ်ပြီး အဆိုပါတံတား ၁၈ စင်း တည်ဆောက်ဖို့ သမ္မတသီးသန့်ရန်ပုံငွေမှ ကျပ် ၉၅၅ သန်း ချထားပေးတာဖြစ်ပါတယ်။
Source & Photo : 7DayDaily
Post A Comment:
0 comments: