
Microsoft က သူ့ရဲ့ Cloud Storage ၀န်ဆောင်မှု ဖြစ်တဲ့ OneDrive ကို Windows 10 မှာ Built-In ထည့်သွင်းပေးခဲ့ပါတယ်။ OneDrive ကို အခမဲ့ အသုံးပြုရင် အွန်လိုင်းမှာ ဖိုင်များ 5GB အထိ သိမ်းဆည်းနိုင်ပါတယ်။ OneDrive မှာ သင့် ၀င်းဒိုးပီစီမှ Documents , Photos, Videos , Music စတဲ့ ဖိုင်များစွာကို သိမ်းဆည်းနိုင်ပါတယ်။ ဖိုင်များ သိမ်းဆည်းရုံ သာမကဘဲ OneDrive ၀က်ဆိုက်မှာ Microsoft Word, Excel , PowerPoint စတဲ့ Documents များကိုလည်း ပြုလုပ်နိုင်တဲ့အတွက် သင့်ပီစီမှာ Microsoft Office Suite မရှိရင်တောင် အဆင်ပြေပါတယ်။ ဒါပေမယ့် သင့် ၀င်းဒိုးပီစီမှ OneDrive ဟာ ဖိုင်များကို အလိုအလျှောက် Sync ပြုလုပ်နေတဲ့အတွက် အင်တာနက်လိုင်း မကောင်းတဲ့ အခြေအနေမျိုး၊ အွန်လိုင်းဂိမ်းများ ကစားတဲ့ အခြေအနေမျိုးမှာ အခက်တွေ့စေပါတယ်။ အဲဒီအတွက် သင့်ပီစီမှ OneDrive ရဲ့ Sync ပြုလုပ်ခြင်းကို ကန့်သတ်နိုင်မယ့် နည်းလမ်း ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။
Pause လုပ်ပါ။

OneDrive က Sync ပြုလုပ်နေတဲ့အချိန်မှာ Pause လုပ်နိုင်အောင် Microsoft က ဖန်တီးပေးထားပါတယ်။ သင့် Taskbar ရဲ့ ညာဘက်မှ အပေါ်ထောင်နေတဲ့ မျှားလေးကို တစ်ချက်နှိပ်ပါ။ OneDrive Icon အပေါ် ကာဆာချပြီး Right-Click တစ်ချက်နှိပ်ပါ။ Pause Syncing အပေါ် ကာဆာချရင် Sub Menu တစ်ခုပေါ်လာမှာပါ။ Sync လုပ်နေတာကို ၂ နာရီ၊ ၈ နာရီနဲ့ ၂၄ နာရီ ခဏ ရပ်ထားနိုင်ပါတယ်။
OneDrive ကို Shutdown လုပ်ပါ။
Sync လုပ်နေတာကို လုံးဝ ရပ်တန့်ချင်ရင်တော့ OneDrive Icon ကို Right Click နှိပ်ပြီး Exit ကို နှိပ်ပါ။ OneDrive ကို ပိတ်မှာလားလို့ မေးတဲ့ စာသားပေါ်လာမှာဖြစ်ပါတယ်။ Close OneDrive ကို နှိပ်ပါ။
Bandwidth ကို ကန့်သတ်ပါ။

နောက်ဆုံး နည်းလမ်းကတော့ Sync လုပ်နေတဲ့ အမြန်နှုန်းကို ကန့်သတ်တာ ဖြစ်ပါတယ်။ သင်အင်တာနက် သုံးနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ အွန်လိုင်းဂိမ်း ကစားနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် Sync လုပ်နေတဲ့ အမြန်နှုန်းကို လျှော့ချလိုက်ရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ OneDrive Icon ကို Right Click နှိပ်ပြီး Settings ထဲသွားပါ။ Settings Window ပေါ်လာရင် Network Tab ထဲသွားပါ။ Upload rate ရဲ့ အောက်မှ Limit to ကို ရွေးချယ်ပေးပြီး သင်အလိုရှိတဲ့ Upload အမြန်နှုန်းကို ကန့်သတ်ပါ။ Download Rate ကို ကန့်သတ်ချင်ရင် Download rate ရဲ့ အောက်မှ Limit to မှာ သတ်မှတ်နိုင်ပါတယ်။ သင့်ရဲ့ အခြား Device များကနေ OneDrive မှာ ဖိုင်များ သိမ်းဆည်းထားရင် Download Rate ကို ကန့်သတ်ခြင်းက အသုံးဝင်ပါတယ်။
digitaltimes
Post A Comment:
0 comments: